
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၁၀) ညနေပိုင်းက ခြေလျင်ချီတက်လာနေသည့် စစ်သား ၇၀ ခန့်ကို လက်လုပ်မိုင်း ၁၀ လုံးနှင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပုလဲမြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (ဌာနချုပ်) မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ပုလဲမြို့အနောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ ဝမ်းဘဲချိုင့်ကျေးရွာ၌ ယာယီတပ်စွဲထားသည့် ထိုစစ်သားများ ပုလဲ-ဂန့်ဂေါ လမ်းမအတိုင်း ချီတက်လာပြီး မိုင်ဝက်ခန့်အရောက် နဂါးမတောင်အနောက်ဘက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ဘယ်နှဦး သေဆုံး၊ ဘာညာကတော့ အတိအကျတော့ မသိရဘူးပေါ့ဗျာ။ ဒဏ်ရာတွေတော့ တော်တော်ရကြတယ်” ဟု PDF တပ်ဖွဲ့ဝင်များကို ကိုးကား၍ ထိုသူက ပြောသည်။
အတိုက်ခံရပြီးနောက် စစ်သားများက ရမ်းသန်းပြီး တရစပ်ပစ်ခတ်သော်လည်း PDF က ခုခံခြင်း မပြုဘဲ ချက်ချင်းဆုတ်ခွာခဲ့သည်ဟု သိရသည်။
စစ်သား ၂၅ ဦးခန့် သေဆုံး သို့မဟုတ် ဒဏ်ရာရနိုင်သည်ဟု PDF က ခန့်မှန်းသည်။
ထိခိုက်နိုင်ခြေနှင့် ပတ်သက်ပြီး ဒေသခံတို့ထံမှ အတည်ပြုချက် မရသေးပေ။
နိုဝင်ဘာ ၅ တွင် ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာမှ NLD အမတ် ဦးဇော်ထက်၏ နေအိမ်ကို စီးနင်းပြီး ပြန်ထွက်လာသူများ ကြားဖြတ်တိုက်ခိုက်မှုခံရပြီးနောက် အင်အား ထပ်ဖြည့်တင်းသည့်ထဲတွင် ထိုစစ်သား၇၀ ခန့်လည်း ပါဝင်သည်ဟု ဒေသခံများက ဆိုသည်။
တိုက်ခိုက်မှုအပြီး နောက်တစ်နေ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်ခွာလာသည်ဟု ယူဆရသည့် စစ်ကား ၅ စီးနှင့် ၎င်းတို့ ပါလာခြင်းဖြစ်သည်ဟု ဆိုသည်။
ပုလဲမြို့နယ်အတွင်း မကွေးတိုင်း ဂန့်ဂေါမြို့နယ်ဘက်သို့ သွားသည့် ကားလမ်းကို ဗိုလ်နဂါးဦးဆောင်သော ပုလဲ PDF, ပုလဲမြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (ဌာနချုပ်)၊ ပြည်သူ့တော်လှန်ရေးတပ်မတော် PRA စသည့် အဖွဲ့များက နယ်မြေစိုးမိုးထားပြီး ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်သားများကို အကြိမ်ကြိမ် မိုင်းခွဲတိုက်ခိုက်နေသည်။
နိုဝင်ဘာ ၆ ကလည်း ထိုလမ်းမပေါ်တွင် အရပ်သုံးကားဖြင့် ရိက္ခာသယ်လာသည့် စစ်ကောင်စီတပ်သားတို့ကို PRA အဖွဲ့က သတင်းကြိုရသဖြင့် ဖမ်းဆီးနိုင်ခဲ့သည်။
PRA က ထုတ်ပြန်သည့် ရုပ်သံဖိုင်အရ မကွေးတိုင်း လက်နက်စက်ရုံမှ ဗိုလ်ကြီးသော်ဇင် (ကြည်း – ၆၈၄၀၅)၊ တပ်သား စိုးရာဇာအောင် (တ – ၄၈၇ ၄၁၉) တို့ဖြစ်ကြောင်း သိရသည်။

အွန်လိုင်းတွင် ပြန့်နေသော ထိုရုပ်သံမှတ်တမ်းတွင် ၎င်းတို့နှစ်ဦးကို ကြိုးနှင့် ချည်ထားခြင်း မရှိကြောင်း၊ ဘေးတွင် သေနတ်ထောင်ပေးထားကြောင်း တွေ့ရသည်။
ထိုစစ်သားနှစ်ဦး လက်နက်လုသဖြင့် အဆုံးစီရင်လိုက်ကြောင်း၊ ရိက္ခာများ၊ ကျည်ကာအင်္ကျီများ၊ စစ်တပ်သုံး ဦးထုပ်များနှင့် ကျပ် သိန်း ၁၀၀ ကျော် သိမ်းဆည်းရရှိခဲ့ပြီး ကားကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း PRA က ပြောသည်။
“စစ်ဆေးမေးမြန်းချိန်မှာပဲ ကျွန်တော်တို့ဆီက တပ်သားတစ်ယောက်ကို တွန်းလှဲပြီး ထွက်ပြေးဖို့ ကြိုးစားတယ်၊ လက်နက်ပါလုမဲ့ပုံစံပေါ့။ အဲဒီလိုနဲ့ထွက်ပြေးတော့ အဆုံးစီရင်လိုက်တာပါ” ဟု အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကိုဂျပန်ကြီးက ဆိုသည်။
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းနယ်စပ် အထက်ပါဖြစ်ရပ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)