သတင်း

အမေရိကန်သတင်းသမား Danny Fenster ၏ အမှုသုံးခုကို နိုဝင်ဘာ ၁၅ တွင် အမိန့်ချမည် 

ပြစ်ဒဏ်ကြီးလေးသော ပုဒ်မများအပါအဝင် ပုဒ်မငါးခုဖြင့် အမှုရင်ဆိုင်နေရသူ အမေရိကန်သတင်းသမား Danny Fenster ကို လာမည့် နိုဝင်ဘာ ၁၅ ရက်နေ့တွင် အမှုသုံးခုအတွက် အပြီးသတ်အမိန့်ချမည်ဟု သိရသည်။ 

အမေရိကန်သတင်းသမားကို စစ်ကောင်စီက စွဲဆိုထားသည့် အမှုများအနက် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅−က၊ မတရားအသင်းဆက်သွယ်မှုဥပဒေပါ ပုဒ်မ၁၇(၁) နှင့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပါ ပုဒ်မ ၁၃ (၁) အမှုသုံးခုအတွက် ယင်းနေ့တွင် တစ်ပါတည်းအမိန့်ချရန်ရှိသည်ဟု Danny Fenster ၏ ရှေ့နေ ဦးသန်းဇော်အောင်က ယနေ့ (နိုဝင်ဘာ ၁၀) တွင် ပြောသည်။

“ဒီနေ့ အမှု ၃ ခုလုံးအတွက် လျှောက်လဲချက်ပေးတယ်။ အမိန့်ချဖို့အတွက် ၁၅ ရက်နေ့ တနင်္လာနေ့ချိန်းထားတယ်။ အပြီးသတ်လျှောက်လဲချက်ပေးပြီးပြီ။ အမှုသုံးခုလုံးအတွက် အဲဒီနေ့အမိန့်ချမယ်” ဟု ၎င်းက ပြောသည်။ 

အဆိုပါအမှုသုံးခုအတွက် စစ်ကောင်စီဘက်မှ တရားလိုပြသက်သေ ၁၃ ဦးတင်သွင်းခဲ့ပြီး Danny Fenster ဘက်မှ သက်သေသုံးဦးနှင့် စာရွက်စာတမ်းများတင်သွင်းခဲ့သည်ဟု ဦးသန်းဇော်အောင်က ပြောသည်။

အမေရိကန်သတင်းသမား Danny Fenster ကို စစ်ကောင်စီက ယမန်နေ့ (နိုဝင်ဘာ ၉) ရုံးချိန်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄-က၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က) တို့ဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် ထပ်မံအမှုဖွင့်ခဲ့သည်။

ထပ်မံစွဲဆိုလိုက်သော ပုဒ်မ ၁၂၄-က သည် အမြင့်ဆုံးပြစ်ဒဏ် တစ်သက်တစ်ကျွန်း (အနှစ်၂၀) ထိ ချမှတ်နိုင်သကဲ့သို့ အကြမ်းဖက်မှုဥပဒေပါ ပုဒ်မ ၅၀(က) သည်လည်း အနိမ့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းထိ ချမှတ်နိုင်သည်။

ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်း၏ အုပ်ချုပ်မှုအယ်ဒီတာဖြစ်သူ Danny Fenster မှာ မေလ ၂၄ ရက်က မိသားစုရှိရာ အမေရိကန်နိုင်ငံသို့အပြန် ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီက ထပ်ကာထပ်ကာ စွဲဆိုသည့် အမှုများကို ရင်ဆိုင်နေရခြင်းဖြစ်သည်။

အင်းစိန်ထောင်၌ ထိန်းသိမ်းခံထားရသည်မှာ ငါးလကျော်ရှိပြီဖြစ်သော အမေရိကန်သတင်းသမား Danny Fenster မှာ စိတ်ကျဝေဒနာခံစားနေရ၍ ဆေးသောက်နေရသည်ဟုလည်း ရှေ့နေ ဦးသန်းဇော်အောင်က ပြောဆိုထားသည်။

အမေရိကန်သတင်းသမား Danny Fenster ကို စစ်ကောင်စီက ပုဒ်မ ၅၀၅−က၊ ပုဒ်မ ၁၇(၁) ဖြင့် စွဲဆိုထားသည့် အမှုနှစ်ခုလုံးမှာ ထုတ်ဝေခွင့်လိုင်စင်ပိတ်သိမ်းခံရပြီးနောက်ပိုင်း Myanmar Now က ရေးသားဖော်ပြခဲ့သော သတင်းများနှင့် ပတ်သက်ကြောင်း ဦးသန်းဇော်အောင်က ပြောဆိုထားသည်။ Danny Fenster မှာ အာဏာမသိမ်းမီ ခြောက်လကျော်ကတည်းက Myanmar Now မှ အလုပ်ထွက်ထားသူဖြစ်သည်။

Danny Fenster ကို ပြန်လွှတ်ပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုထားသော်လည်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ထိန်းသိမ်းထားရမည့်အခြေအနေဖြစ်၍ ထိန်းသိမ်းထားခြင်းဖြစ်သည်ဟု စက်တင်ဘာလကုန်ပိုင်းတွင် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုခဲ့ သည်။

အာဏာသိမ်းပြီးနောက် သတင်းသမား ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ပြန်လွတ်လာသူအချို့ရှိသော်လည်း သတင်းသမားအများအပြား ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ကာ ကြီးလေးသော ပုဒ်မများဖြင့် စစ်ကောင်စီက စွဲဆိုထားသည့် အမှုများကို ရင်ဆိုင်နေရသူများလည်း ရှိသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button