အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မောင်တောတွင် စစ်တပ်နှင့် AA ပစ်ခတ်မှုဖြစ်ဟု ဒေသခံများဆို

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ယနေ့ (နိုဝင်ဘာ ၉) နံနက် ၁၁ နာရီခွဲခန့်က ပစ်ခတ်သံများ ကြားရကြောင်း၊ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။ 

ရေနောက်ငါးသားချောင်းဖျားရှိ မြိုရွာဟောင်းအနီး တောတွင်းတစ်နေရာ၌ လက်နက်ကြီးပစ်ခတ်သံများကို ကြားလိုက်ရခြင်းဖြစ်သည်ဟု ထိုနေရာမှ ၅ မိုင်ခန့်အကွာ မောင်တော-ခမောင်းဆိပ်ကားလမ်းဘေးရှိ ရေနောက်ငါးသား(ဒိုင်းနက်) ရွာတွင် နေထိုင်သော ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီနေ့ ၁၁ နာရီလောက်ကနေ လက်နက်ကြီးပစ်သံကို ကြားရတယ်။ မြေကြီးတောင် တုန်သွားတယ်။ ကြားလိုက်ရတာ သုံးလေးချက်လောက် ကြားလိုက်ရတယ်” ဟု အဆိုပါအမျိုးသားက ဆိုသည်။

ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ် လှုပ်ရှားစစ်ကြောင်းတစ်ခု ကျူးကျော်ဝင်ရောက်လာ၍ ယနေ့ နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့သည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။

ဒေသခံ နောက်တစ်ဦးကလည်း အလားတူပြောသည်။

“စစ်တပ်နဲ့ AA နဲ့ ဖြစ်ကြတာ ထင်တယ်။ လက်နက်ကြီးအသံကြားရတဲ့ နေရာက ရွာနဲ့ ဝေးတယ်။ ကြားရတာက ဘန်ဒပ်နဲ့ ရေနောက်ငါးသားချောင်းဖျားကျော်လမ်းမှာ ဖြစ်တာလို့ ကြားပါတယ်” ဟု ထိုဒေသခံက ပြောသည်။

ထိုသို့ လက်နက်ကြီးပစ်ခတ်သံများထွက်ပေါ်ခဲ့ပြီးနောက် ယနေ့ နေ့လယ်တွင် မောင်တောမြောက်ပိုင်းသို့ စစ်ကောင်စီတပ်ဘက်မှ လက်နက်အင်အား၊ လူအင်အားများ ထပ်မံအင်အားဖြည့်နေသည်ကို တွေ့ရသောကြောင့် တိုက်ပွဲများ ပြန်ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြကြောင်း မောင်တောမြောက်ပိုင်းဒေသခံ ကျေးရွာသားများက ဆိုသည်။ 

AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက မောင်တောမြောက်ပိုင်းတွင် ယနေ့ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မသိရသေးကြောင်း၊ ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်လာပါက တိုက်ပွဲဖြစ်မည်ဖြစ်ကြောင်း Myanmar Now ကို ပြောသည်။

ယနေ့ည​​နေအထိ သတင်းများအရ လက်နက်ကိုင်များ နှစ်ဖက်ညှိနှိုင်းပြီး အခြေအနေတည်ငြိမ်သွားကြောင်း ဒေသခံများထံမှ သိရသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။

ရခိုင်တွင် AA နှင့် စစ်ကောင်စီတပ်တို့ကြား နားလည်မှုဖြင့် တိုက်ပွဲရပ်တန့်နေသည်မှာ ယခုဆိုလျှင် တစ်နှစ်နီးပါးကြာမြင့်ခဲ့ပြီ ဖြစ်သည်။

၂၀၁၈ ဒီဇင်ဘာနှောင်းပိုင်းမှစ၍ ရခိုင်ဒေသတွင် AA နှင့် စစ်တပ်တို့ တိုက်ပွဲများပြင်းထန်ခဲ့ပြီး ၂ နှစ်ကြာတိုက်ပွဲအတွင်း ဒေသခံ ၂ သိန်းကျော် အိုးအိမ်စွန့် ထွက်ပြေးခဲ့ရသည်။

ပြည်သူအများအပြား သေဆုံးကာ ဒေသခံ ၂၀၀ ခန့်သည်လည်း AA သံသယဖြင့် ဖမ်းဆီးခံရပြီး ယနေ့ထက်ထိ အမှုရင်ဆိုင်နေရသူများ ရှိနေသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button