
ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေများ၌ အောက်တိုဘာအတွင်း စစ်ကောင်စီတပ်နှင့် ထိတွေ့မှု အကြိမ် ၂၀၀ ကျော်နီးပါး ရှိခဲ့သည်ဟု တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောသည်။
“စစ်ရေးအခြေအနေကတော့ သူတို့လှုပ်ရှားမှုအပေါ် မူတည်ပြီး ကိုယ့်ရဲ့နေရာဒေသကို ကာကွယ်တဲ့အနေနဲ့ ထိတွေ့မှု၊ ပစ်ခတ်မှုတွေ ဖြစ်နေတာပေါ့။ သိပ်ပြီးတော့ တိုက်ပွဲပြင်းထန်တယ်လို့တော့ ပြောလို့မရဘူးပေါ့။ တချို့ရက်တွေ သုံးလေးငါးကြိမ် ပစ်ခတ်မှုဖြစ်တယ်။ ဒါပေမဲ့ တစ်နေရာတည်းတော့ မဟုတ်ဘူး” ၎င်းက ပြောသည်။
“နယ်မြေစိုးမိုးဖို့ သူတို့ ဝင်ရောက်လာတာ ဒီဘက်ကလည်း သွားနိုင်တဲ့နေရာကို လိုက်တော့ ပစ်ခတ်မှုတွေ ဖြစ်တာပေါ့။ စစ်ကောင်စီရဲ့ စစ်ကား ၂ စီး ပျက်စီးတယ်။ သူတို့ ရိက္ခာတင်တဲ့ လား ၁၁ ကောင် သေပြီး ၂ ကောင် ဒဏ်ရာရတယ်လို့ စစ်ဆေးတဲ့စာရင်းအရ သိရတယ်”
လက်ရှိ တပ်မဟာ (၅) နယ်မြေအတွင်း အရှေ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားနေကြောင်း ၎င်းက ဆက်ပြောသည်။
KNU သတင်းနှင့် ပြန်ကြားရေး၏ နိုဝင်ဘာ ၅ ထုတ်ပြန်ချက်တွင် တပ်မဟာ (၅) နှင့် တပ်မဟာ (၁) တို့၌ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဖာပွန်ခရိုင် တိုက်ပွဲ ၂၀၄ ကြိမ်တွင် စစ်ကောင်စီဘက်မှ ၉၃ ဦး သေဆုံး၍ ၉၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သထုံခရိုင်တွင် တိုက်ပွဲ ၄၇ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်မှ ၉၅ ဦး သေဆုံးကာ ၈၀ ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
တပ်မဟာ (၂ ) နယ်မြေတွင် တစ်လအတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရသည်၊ တပ်မဟာ (၃ ) နယ်မြေတွင် တိုက်ပွဲ ၆ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁၇ ဦး သေဆုံးကာ ၃၀ ဒဏ်ရာ ရသည်။ တပ်မဟာ (၆) နယ်မြေတွင် တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၆ ဦး သေဆုံး၍ ၅၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNU ဘက်မှ စာရင်းများအရ သိရသည်။
အထက်ပါနယ်မြေများ၌ ပြီးခဲ့သည့်လအတွင်း စုစုပေါင်း၂၇၅ ကြိမ် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးသူများထဲတွင် တပ်ရင်းမှူး ၁ ဦး၊ တပ်ခွဲမှူး ၁ ဦး၊ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၂ ဦး၊ ဗိုလ် ၂ ဦး ပါဝင်ခဲ့ကြောင်း၊ ဒဏ်ရာရသူ ၂၆၆ ဦးထဲတွင် ဒု-တပ်ရင်းမှူး ၁ ဦး၊ ဒု-ဗိုလ်မှူးကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး ပါဝင်ကြောင်း သိရသည်။
KNU လက်အောက်ခံ အဖွဲ့များဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ဘက်မှ ၂ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ပါ တိုက်ပွဲများပြင်းထန်နေပြီး အထိနာနေသည့် စစ်ကောင်စီတပ်သည် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများတွင်လည်း အထိအခိုက်များနေသည်ကို တွေ့ရှိရသည်။
စက်တင်ဘာအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၇ ခုအနက် တပ်မဟာ (၁)၊ (၃) နှင့် (၅) နယ်မြေများတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဩဂုတ်လအတွင်းကလည်း တပ်မဟာ (၁)၊ (၂) ၊ (၅)၊ (၆) တို့တွင် တိုက်ပွဲ ၂၁၇ ကြိမ် ဖြစ်ပွားခဲ့သည်။
ထိုသို့ စစ်ကောင်စီတပ်ဘက်မှ KNU နယ်မြေအတွင်း သေဆုံးမှု များပြားမှုနှင့် ပတ်သက်၍ KNU ဗဟိုမှ တာဝန်ရှိသူတစ်ဦးက ၎င်းတို့၏ တပ်သားများမှာ ပြောက်ကျားစနစ်ဖြင့် ခုခံတိုက်ခိုက်ခြင်းဖြစ်၍ ထိခိုက်ကျဆုံးမှု အလွန်နည်းသည်ဟု စက်တင်ဘာအတွင်း Myanmar Now ကို ပြောထားသည်။
ကရင်ပြည်နယ်အတွင်း တိုက်ပွဲများနှင့် ပတ်သက်၍လည်း စစ်ကောင်စီသည် အပြောနှင့်အလုပ် တခြားစီဖြစ်နေကြောင်း ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုသည်။
“တစ်ဖက်ကနေပြီး ငါးလအတွင်း သူတို့ အပစ်အခတ်ရပ်စဲရေးလုပ်ထားတယ်လို့ ထုတ်ပြန်ကြေညာထားတယ်။ ဒါပေမဲ့ တစ်ဖက်ကနေပြီးတော့ သူတို့တပ်ရင်းတပ်ဖွဲ့တွေက နယ်မြေစိုးမိုးရေးလုပ်တဲ့နေရာမှာ ဒီဘက်က တပ်ဖွဲ့တွေနဲ့ ထိတွေ့မှုအမြဲဖြစ်နေတယ်။ ဒီလိုမျိုး စကစဘက်က သူတို့ပြောတာနဲ့ လုပ်တာ တခြားစီဖြစ်နေတဲ့အပေါ် လူထုအနေနဲ့ စကစရဲ့ မရိုးသားမှုကို သိရှိနားလည်ဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ပြောသည်။
KNU အနေဖြင့် အာဏာသိမ်းမှုကို ဆန့်ကျင်သော မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲ၍ အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင်တော်လှန်သွားမည်ဟု စက်တင်ဘာ ၄ ၌ ထုတ်ပြန်ခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်း ဖြစ်ပွားသော တိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)