
အာဏာသိမ်းပြီး ၉ လအတွင်း ပုဒ်မပေါင်း ၁၁ ခုဖြင့် တစ်ပတ်လျှင် လေးရက် ရုံးထုတ်စစ်ဆေးခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတို့ကြုံတွေ့နေရသည့် ကျန်းမာရေး၊ စီးပွားရေးနှင့် တိုင်းပြည်အခြေအနေကို စိုးရိမ်ပူပန်နေသည်ဟု သိရသည်။
နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်ထားသည့် တရားရုံး၏ ယနေ့ (နိုဝင်ဘာ ၅) တရားခွင်မစမီ ရှေ့နေအဖွဲ့နှင့် နာရီဝက်ခန့် တွေ့ခွင့်ရစဉ် ထိုသို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်ကြောင်း တရားခွင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ပြည်သူပြည်သားတွေ ကျန်းမာရေး၊ စီးပွားရေး၊ တိုင်းပြည်အခြေအနေအတွက် စိတ်ပူတဲ့အကြောင်း၊ အကုန်လုံး ညီညီညွတ်ညွတ်ရှိစေချင်တဲ့အကြောင်း၊ အများအတွက်လည်း စိတ်တူကိုယ်တူ ကူညီစေချင်တဲ့အကြောင်း အဲဒါမျိုးလေးတွေတော့ ပြောပါတယ်”ဟု ၎င်းက ဆိုသည်။
ယနေ့တရားခွင်တွင် အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် စစ်ကောင်စီက စွဲထားသည့် အမှု ၄ ခုအနက် နှစ်ခုကို စစ်ဆေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က တရားလိုပြသက်သေများကို မေးခွန်းမေးမြန်းခဲ့သည်ဟု သိရသည်။
နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ လရောင်တော စိုက်ပျိုး၊ မွေးမြူရေးနှင့် အသက်မွေးပညာသင်ကျောင်းအတွက် မြေ ၁၀၁.၃၃ ဧက၊ ၂၃. ၈၅၅ ဧက ရယူရာတွင် နိုင်ငံရေးရာထူးဖြင့် အဂတိမကင်းဆောင်ရွက်သည်ဟုဆိုကာ စစ်ကောင်စီက စွဲဆိုထားသည့် အမှုနှစ်မှုဖြစ်သည်။
တရားခွင်အတွင်း ထွက်ဆိုချက်အသေးစိတ်ကို မသိရသော်လည်း စစ်ကောင်စီဘက်က သက်သေထွက်သည့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က မေးမြန်းရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီသာ မြေရယူခဲ့ကြောင်း ပေါ်လွင်အောင် စစ်မေးနိုင်ခဲ့သည်ဟု တရားခွင်နှင့် နီးစပ်သူထံမှ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနှင့် ငွေများ လာဘ်ပေးခဲ့ရသည်ဟု ပြောထားသည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောဆိုချက်အပေါ် အခြေခံ၍ စစ်ကောင်စီက စွပ်စွဲထားသည့် အဂတိမှုတစ်မှုတွင် ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ် သက်သေထွက်ရန် တရားရုံးက ဆင့်ခေါ်ထားသော်လည်း ကျန်းမာရေးအကြောင်းပြချက်ဖြင့် ယနေ့ ရောက်လာခြင်းမရှိဟု သိရသည်။
ထို့အမှုနှင့် လရောင်တောစီမံကိန်းအတွင်း ဆောက်လုပ်သည့် အဆောက်အအုံနှင့် ပတ်သက်၍ အဂတိမှုတပ်၍ စစ်ကောင်စီက စွဲဆိုထားသည့် အခြားတစ်မှုတို့ကို လာမည့်တစ်ပတ်ရုံးချိန်းတွင် ကြားနာရန်ရှိသည်ဟု သိရသည်။
စစ်ကောင်စီက အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားပြီး တရားခွင်ရောက်နေပြီဖြစ်သည့် ထိုအဂတိမှု လေးမှုကို အပတ်စဉ် သောကြာနေ့တိုင်းတွင် မန္တလေးတိုင်းတရားလွှတ်တော်မှ တရားသူကြီး ဦးမြင့်စန်းက နေပြည်တော်သို့ လာရောက်ရုံးထိုင်ကာ ကြားနာနေခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးမှာ ကောင်းမွန်နေပြီး ကြုံတွေ့နေရသည့် အခြေအနေများကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နေသည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ပုဒ်မပေါင်းများစွာဖြင့် ရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့မှ ငါးဦးကို စစ်ကောင်စီက ပြောရေးဆိုခွင့်ပိတ်ထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)