
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၃) က ရပ်ကျေးအဆင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌတစ်ဦးကို ဖမ်းမမိသောကြောင့် စစ်ကောင်စီက ဆိတ် ၄၈ ကောင်ကို ဖမ်းယူသွားသည်။
ပဲခူးမြို့အရှေ့ဘက် ၁၆ မိုင်ခန့်အကွာရှိ ထန်းတောကြီးရွာ ပါတီဥက္ကဋ္ဌသည် အာဏာသိမ်းပြီး မတ်လကတည်းက ဖမ်းဝရမ်းထုတ်ခံထားရသည်ဟု သူ၏ မိသားစုဝင်တစ်ဦးထံမှ သိရသည်။
“သူပုန်ဖြစ်တဲ့အတွက် သူရဲ့ပိုင်ဆိုင်မှုတွေ သိမ်းတယ်လို့ ပြောသွားတယ်တဲ့။ အခု အိမ်ကို ချိပ်ပိတ်လားတော့ မသိသေးဘူး။ အစ်မတို့လဲ သုံးလပိုင်းကတည်းက ရှောင်နေရတာ” ဟု မိသားစုဝင်အမျိုးသမီးက Myanmar Now ကို ပြောသည်။
မိသားစုဝင်အားလုံး ထွက်ပြေးတိမ်းရှောင်နေရသဖြင့် အသက် ၆၁ နှစ်အရွယ် ဖခင်ဖြစ်သူ၏ အမည်ကို ထည့်သွင်းဖော်ပြခြင်း မပြုရန် ယင်းမိသားစုဝင် အမျိုးသမီးက မေတ္တာရပ်ခံသည်။
ရပ်ကျေး NLD ဥက္ကဋ္ဌပိုင် ဆိတ်များကို ရွာအရှေ့ဘက် တစ်မိုင်ကျော်ရှိ တောထဲတွင် အမျိုးသမီးတစ်ဦးက အငှားကျောင်းပေးနေစဉ် သုံးဘီးဆိုင်ကယ်ဖြင့် ရောက်လာသည့် စစ်သား ၈ ဦးက ဆိတ် ၆၃ ကောင်အနက် ၄၈ ကောင်ကို ဖမ်းသွားသည်ဟု ဆိုသည်။
ဆိတ်တစ်ကောင်လျှင် ကာလပေါက်ဈေး ကျပ်တစ်သိန်းသုံးသောင်းခန့်ရှိကြောင်း၊ ဆိတ်များ သိမ်းယူခံရသည်ကို အခြားရွာခံများမှတစ်ဆင့် သိရခြင်းဖြစ်ကြောင်း ထိုရပ်ကျေး NLD ပါတီဥက္ကဋ္ဌ၏ မိသားစုဝင်က ပြောသည်။
“ရွာကလူတွေပြောတာပဲ သိရတာ။ အခုချိန်ထိ (ဆိတ်တွေထားတဲ့) တဲနားကို ဘယ်သူမှ မကပ်ရဲသေးဘူး” ဟု ၎င်းက ပြောသည်။
ထို့ပြင် နိုဝင်ဘာ ၂ ရက်ကလည်း စစ်ကောင်စီတပ်သား သုံးဦးနှင့် အရပ်ဝတ်တစ်ဦးက ဆိတ်သုံးကောင် လာရောက်ယူဆောင်သွားသည်ဟု သိရသည်။
ထန်းတောကြီးရွာ NLD ဥက္ကဋ္ဌ ဖခင်ဖြစ်သူသည် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သူဖြစ်ကြောင်း၊ မိသားစုဝင် အမျိုးသမီးနှစ်ဦးမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ကျောင်းဆရာမများဖြစ်ကြောင်း အထက်ပါ အမည်မဖော်လိုသူ အမျိုးသမီးက ဆက်ပြောသည်။
ဖခင်ကို မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားသည် မသိရဘဲ ပဲခူးမြို့နယ် ထန်းတောကြီးကျေးရွာရှိ မိသားစုပိုင်နေအိမ်ကို စစ်ကောင်စီက လေးကြိမ်တိုင် လာရောက်ရှာဖွေခဲ့သည်ဟု ပြောသည်။
“လက်နက်တွေလုပ်တယ်ဆိုပြီး ခဏခဏဝင်ရှာတာ။ အဖေ့ဆီကို အရင်လိုက်တာ။ အဖေ့ကို မမိတော့ အစ်မတို့လဲ ရွာကနေ အပျောက်နေနေကြတာ။ မိသားစု ၆ ယောက်လုံး ပြေးနေရတာ။ အိမ်ထောင်စုဇယားနဲ့ လိုက်တော့ အကုန်ပြေးနေရတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
“ပစ်မိန့်ပေးထားတယ်၊ ဝရမ်းထုတ်ထားတယ်၊ အဖေကို မမိရင် အစ်မတို့ကို ဖမ်းမှာ၊ လုံးဝ ပြန်မလာနဲ့လို့ (ရွာခံတစ်ဦးက) ပြောတယ်”
နေအိမ်ကို မတ်လ ၂၃ ရက် ညပိုင်းတွင် စစ်ကောင်စီက ပထမဆုံးအကြိမ်ဝင်ရောက်ရှာဖွေစဉ် ဆိုလာပြား၊ တီဗီ၊ အင်ဗာတာ၊ ဘက်ထရီအိုး စသည့်ပစ္စည်းများ ယူဆောင်သွားကာ အချို့ကို ဖျက်ဆီးခဲ့သည်ဟု သိရသည်။
မတ်လ ၂၇ တွင် ဒုတိယအကြိမ်ဝင်စီးကာ ငါးဖမ်းပိုက်နှင့် မြက်ရိတ်စက်ကို ယူဆောင်သွားကြောင်း၊ ယခု နိုဝင်ဘာလတွင် နေအိမ်ကို စစ်သားများ နှစ်ကြိမ်ရောက်လာခဲ့ကြောင်းလည်း မိသားစုဝင်အမျိုးသမီးထံမှ သိရသည်။
စစ်ကောင်စီက အလိုရှိနေသည့်သူကို ဖမ်းမမိသဖြင့် ယခုကဲ့သို့ တိရစ္ဆာန်များကို ယူဆောင်သွားခြင်းသည် စစ်တပ်၏ လုပ်ရပ်ကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်ဟု ပဲခူးမြို့ခံတစ်ဦးဖြစ်သူ ကိုမျိုးကိုက ပြောသည်။
“လက်နက်အားကိုးနဲ့ အပစ်မဲ့ပြည်သူတွေကို လိုက်ပစ်သတ်တယ်။ ပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာတွေကို လိုက်ဖျက်ဆီးတယ်။ သိမ်းယူတယ်။ လူ့အဖွဲ့အစည်းတစ်ခုလုံးကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်တယ်ဆိုတာ ပိုပေါ်လွင်တာပေါ့ဗျာ”ဟု ကိုမျိုးကိုက ပြောသည်။
ကိုမျိုးကိုမှာ ပဲခူးမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူဖြစ်ကာ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသဖြင့် လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေရသူ ဖြစ်သည်။
လူကို မမိသဖြင့် ဆိတ်များ ဖမ်းဆီးသွားသည်၊ ပစ္စည်းများ ၄ ကြိမ် ယူဆောင်ကြသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ယူထားသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။
ဖေဖော်ဝါရီ ၁ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က နိုင်ငံ့ခေါင်းဆောင်များအပါအဝင် ပြည်သူအများအပြားကို ဖမ်းပြီး အာဏာသိမ်းလိုက်ရာ အပြင်းအထန် ဆန့်ကျင်ကန့်ကွက်သူများထဲတွင် ပဲခူးဒေသခံများလည်း ပါဝင်သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)