သတင်း

ဝန်ထမ်းများ ရုံးဆက်တက်လျှင် အရေးယူမည်ဟု YDF သတိပေး

တိုက်ပွဲများပြင်းထန်နေသည့် ဂန့်ဂေါ၊ ကျော၊ ထီးလင်း၊ ကျောက်ထု၊ ဆောမြို့နယ်များတွင် ရုံးတက်နေကြဆဲဖြစ်သော၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် မပါဝင်သေးသော ဝန်ထမ်းများ နိုဝင်ဘာ ၅ နောက်ဆုံးထား၍ လုပ်ငန်းခွင်မှ ထွက်ခွာကြရန် ယနေ့ (နိုဝင်ဘာ ၁) တွင် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) က သတိပေးလိုက်သည်။

ယောဒေသအတွင်းရှိ မြို့ကြီးများမှအပ ကျေးရွာများအားလုံးတွင် PDF များက နယ်မြေစိုးမိုးထားနိုင်သည့် အခြေအနေတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ရပ်တန့်သွားရန် ရည်ရွယ်ပြီး ယနေ့ ကြေညာချက်ထုတ်ပြန်ရခြင်းဖြစ်သည်ဟု YDF ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုယောလေးက ပြောသည်။

“(စစ်ကောင်စီလက်အောက်) ဆက်ပြီးတော့ ရှိနေမယ်ဆိုရင် စစ်ကောင်စီကို လက်ခံသူတွေအဖြစ် သဘောထားရတော့မှာပေါ့။ နိုဝင်ဘာ ၅ ရက်နေ့ နောက်ပိုင်းထိ ဆက်ရှိနေမယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်ကတော့ ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေကို လိုအပ်သလို အရေးယူဆောင်ရွက်ရတော့မယ်” ဟု ၎င်းက ဆက်ပြောသည်။ 

“စစ်ကောင်စီဘက်ကို ပါမလား၊ ပြည်သူဘက်ကို ပါမလား၊ ဒါပဲ ပြတ်ပြတ်သားသားမေးချင်တယ်။ ပြည်သူဘက်ကို ပါမယ်ဆိုရင်တော့ သူတို့အတွက် လုံခြုံမှုရှိမယ်။ စစ်ကောင်စီဘက်ကို ပါမယ်ဆိုရင်တော့ သူတို့အတွက် လုံးဝလုံခြုံမှုရှိမှာ မဟုတ်ပါဘူး” 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့တော်လှန်ရေးစတင်ပြီဖြစ်ကြောင်း စက်တင်ဘာ ၇ တွင် ကြေညာခဲ့ပြီး စစ်ကောင်စီထိန်းချုပ်သည့် ဌာနများတွင် ဝန်ထမ်းများအားလုံး တာဝန်ထမ်းဆောင်ခြင်း မပြုလုပ်ရန် ယာယီသမ္မတ ဒူဝါလရှီးလက အရေးပေါ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

စစ်ကောင်စီ၏ ယန္တရား လည်ပတ်နိုင်ရန် ဆက်တာဝန်ထမ်းဆောင်နေကြသည့် ဆက်သွယ်ရေးဝန်ကြီးဌာနဝန်ထမ်းတချို့ကို နိုင်ငံသစ္စာဖောက်များဖြစ်သည်ဟု NUG ၏ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနကလည်း နိုဝင်ဘာ ၂ တွင် ကြေညာထားသည်။ 

စစ်ကောင်စီ၏ ယန္တရား လည်ပတ်နိုင်ရန် ဆက်လက်တာဝန်ထမ်းဆောင်နေကြပြီး စစ်ကောင်စီကို ဆန့်ကျင်သူ CDM ဝန်ထမ်းများကို ဖိအားပေးခြိမ်းခြောက်၊ တရားစွဲဆိုနေသည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။

ရုံးဆက်တက်နေသည့် ဝန်ထမ်းများကို နိုင်ငံတစ်ဝန်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိုက်သင့်သလို အရေးယူနိုင်မှသာလျှင် စစ်ကောင်စီယန္တရားရပ်တန့်သွားမည်ဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို အမြန်ဆုံးအမြစ်ဖြတ်နိုင်မည်ဟု YDF ခေါင်းဆောင် ကိုယောလေးက ဆိုသည်။

“ရန်သူနဲ့ ပြည်သူနဲ့ကို သဲသဲကွဲကွဲ ဆုံးဖြတ်ရမဲ့အချိန်ဖြစ်နေပြီ။ စစ်အာဏာရှင် အမြန်ဆုံးပြုတ်ကျဖို့ဆိုရင်တော့ သူတို့ထောက်တိုင်ဖြစ်နေတဲ့ ဟာတွေကိုလည်း ထိုက်သင့်တဲ့ အရေးယူမှုတွေကို ဆောင်ရွက်ဖို့ လိုပါတယ်” ဟု ကိုယောလေးက ဆက်ပြောသည်။ 

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့သာ ဒီလိုဆောင်ရွက်မယ်ဆိုရင်တော့ ဒီတော်လှန်ရေးက မြန်မြန်ဆန်ဆန်ပြီးနိုင်ပါတယ်” 

ပြည်သူ့ကာကွယ်ရေးတပ်များ ပြောက်ကျားစစ်ဆင်နွှဲရန် အရေးသာသည့် ယောဒေသကို စစ်ကောင်စီစစ်ကြောင်းများက စက်တင်ဘာ ၇ မှစ၍ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်ခဲ့ရာ ကလေး-ဂန့်ဂေါလမ်းပေါ်ရှိ ကျေးရွာများ ဆက်တိုက်မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ 

ထို့ပြင် စစ်ကောင်စီက လက်နက်ကိုင်ခုခံသူတို့ကို အကြမ်းဖက်သမားများအဖြစ် တံဆိပ်ကပ်ထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button