သတင်း

စစ်တပ် အာဏာသိမ်းရန် ကြိုတင်စီစဉ်သည့် လုပ်ရပ် ထပ်မံပေါ်ထွက်လာ 

အခြေခံဥပဒေအရ ဒုတိယသမ္မတက အရေးပေါ်အခြေအနေအရ အာဏာထိန်းခိုင်းသည်ဟု စစ်တပ်က ကမ္ဘာသိပြောဆိုနေမှုမှာ မှားယွင်းနေပြီး ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည်ထားခြင်းသာဖြစ်ကြောင်း နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၏ ယနေ့(နိုဝင်ဘာ ၂) တရားခွင်ထွက်ဆိုချက်က ထပ်မံသက်သေခံလိုက်သည်။

နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(ခ) ဖြင့် စစ်ကောင်စီက စွဲဆိုထားသည့်အမှုကို နေပြည်တော်ကောင်စီဝင်းအတွင်းရှိ သီးသန့်တရားရုံး၌ အပြစ်မရှိကြောင်း ထုချေစဉ် ဖေဖော်ဝါရီ ၁၊ နံနက် ၅ နာရီဝန်းကျင်ကတည်းက နေပြည်တော်ရှိ ၎င်း၏ နေအိမ်နှင့် ခြံချင်းကပ်လျက်ရှိသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို စစ်သားများ ဝိုင်းထားကြောင်း ၎င်းက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝင်းထဲကို သွားတယ်။ အိမ်အထိ မရောက်ခင်မှာ အရပ်ဝတ်နဲ့ လူတစ်ယောက်က တားပြီးတော့ ပြန်ပါ၊ ကိုယ့်အိမ်ကိုယ်ပြန်နေပါဆိုပြီး ပြောတယ်။ အဲဒီနောက်ကတည်းက သူက ဘယ်သူနဲ့မှ အဆက်အသွယ်မရတော့ဘူး။ သူ့ကို လွတ်လပ်ခွင့်မပေးတော့ဘူး”ဟု ဒေါက်တာမျိုးအောင်က ပြောကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

ဒေါက်တာမျိုးအောင်သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှိသည့် နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ မြနန်းဘုံသာလမ်း၌ပင် နေထိုင်သည်။

အဆိုပါအမှုတွင် ဒေါက်တာမျိုးအောင်နှင့်အတူ စွဲဆိုခံထားရသည့် သမ္မတဦးဝင်းမြင့်ကလည်း အောက်တိုဘာ ၁၂ ရက်နေ့တွင် သက်သေထွက်စဉ်က အာဏာသိမ်းသည့် မနက်တွင် သမ္မတအိမ်တော်သို့ စစ်တပ်အရာရှိကြီးနှစ်ဦး ရောက်လာ၍ ကျန်းမာရေးအကြောင်းပြကာ ရာထူးမှ နုတ်ထွက်ခိုင်းခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်သည်။

၎င်းတို့နှင့် တစ်မှုတည်းစွဲဆိုခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်သက်သေထွက်မည့် အောက်တိုဘာ ၂၆ ရုံးချိန်းမတိုင်မီတွင် စွပ်စွဲခံရသူ သုံးဦးဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ငါးဦးပါ ရှေ့နေအဖွဲ့ကို စစ်ကောင်စီက ပြောခွင့်ပိတ်ခဲ့၍ မည်သို့တုံ့ပြန်ခဲ့သည်ကို အသေးစိတ်မသိရတော့ဘဲ “ကောင်းမွန်စွာ ထုချေနိုင်ခဲ့သည်”ဟုသာ တစ်ဆင့်စကား ပြန်၍ ကြားခဲ့ရသည်။

စစ်ကောင်စီက ၎င်းတို့ကို ဒုတိယသမ္မတ ဦးမြင့်ဆွေက အာဏာလွှဲပေးကြောင်း ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၈ နာရီနောက်ပိုင်း ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာခဲ့သော်လည်း နိုင်ငံတော်အကြီးအကဲများဖြစ်သည့် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နေပြည်တော်မြို့တော်ဝန်တို့မှာ ယင်းမတိုင်မီ သုံးနာရီဝန်းကျင် စော၍ ထိန်းသိမ်းခံထားရခြင်းဖြစ်ကြောင်း ဦးဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင်တို့၏ သက်သေထွက်ဆိုချက်များအရ ပေါ်ပေါက်နေသည်။

သို့သော် အာဏာသိမ်းပြီး ရက်ပိုင်းအကြာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ထုတ်ပြန်သည့် စစ်ကောင်စီ တရားမဝင်ကြောင်း ရေးထားသော စာနှစ်စောင်ကို အကြောင်းပြ၍ ပုဒ်မ ၅၀၅ (ခ) ဖြင့် ပါတီခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင်တို့ကို တရားစွဲထားသည်။

စွပ်စွဲခံရသူ သုံးဦးစလုံးက အာဏာသိမ်းကြောင်း မကြေညာမီကတည်းက ဖမ်းဆီးခံထားရသည်ဖြစ်၍ ယင်းနောက်မှ ပေါ်ပေါက်သည့် ကိစ္စမှာ ၎င်းတို့နှင့် မသက်ဆိုင်ဟု ဇဗ္ဗူသီရိမြို့နယ် တရားသူကြီး ဦးမောင်မောင်လွင် ကြားနာသည့် တရားခွင်၌ ရပ်ခံထုချေထားကြောင်း တရားရုံးနှင့် နီးစပ်သူထံမှ သိရသည်။

ထိုအမှုကို နိုဝင်ဘာ ၁၆ ရက်တွင် တရားလို၊ စွပ်စွဲခံရသူ နှစ်ဖက်စလုံး လျှောက်လဲချက်တင်ရမည်ဖြစ်ပြီး နိုဝင်ဘာလအတွင်း အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း တရားသူကြီးက ယနေ့ အသိပေးသည်ဟု ၎င်းက ဆက်ပြောသည်။

အာဏာသိမ်းပြီး ၉ လ ကျော်လာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားသည့် အမှုပေါင်း ၁၁ မှုရှိနေပြီး ထိုအထဲတွင် ထောင် ၁၅ နှစ်အထိ ချနိုင်သည့် အဂတိလိုက်စားမှုစွဲချက်များလည်း ပါဝင်သည်။

ထိုအမှုများကို သက်ဆိုင်ရာ တရားသူကြီးများက နေပြည်တော်ကောင်စီဝင်းအတွင်းရှိ သီးသန့်တရားရုံး၌ လာရောက်ကြားနာနေပြီး ဒေါ်အောင်ဆန်းစုကြည်မှာ အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာနေ့တိုင်းတွင် ရုံးထုတ်စစ်ဆေးခံနေရသည်။

စစ်တပ်က ၎င်းတို့၏ အာဏာသိမ်းမှုမှာ အခြေခံဥပဒေနှင့်အညီသာ ဖြစ်သည်ဟု အစဉ် ရပ်ခံပြောဆိုနေသော်လည်း အရေးပေါ်အခြေအနေကြေညာ၍ စစ်တပ်ခေါင်းဆောင်ကို အာဏာအပ်နိုင်သည့် လုပ်ပိုင်ခွင့်မှာ သမ္မတထံ၌သာ ရှိသည်ဟု ၂၀၀၈ အခြေခံဥပဒေ၌ အတိအလင်းပြဋ္ဌာန်းထားပြီးဖြစ်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button