သတင်း

ဖျက်ဆီးခံရသည့်ပေါက်တောမြို့ရဲကင်းနေရာကို စစ်ကောင်စီတပ် ဝင်စစ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် လူသူမနေသည့် ရဲကင်းစခန်းတစ်ခု ဖြိုဖျက်ခံရပြီးနောက် စစ်တပ်က ကျေးရွာတချို့ကို ဝင်ရောက်စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

အင်အား ၈၀ ခန့် ပါဝင်သည့် တပ်မ ၈၈ စစ်ကြောင်းနှင့် ရဲ ပူးပေါင်းအဖွဲ့က အောက်တိုဘာ ၂၈ ၊ နေ့လယ် ၁၁ နာရီခန့်၌ ရသေ့တောင်မြို့နယ်ဘက်မှ ကမ်းထိုးရေယာဉ်ဖြင့် ပေါက်တောမြို့နယ်၊ ကုလားတန်မြစ်ကမ်းဘေးရှိ မြေငူကျွန်းပေါ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ယမန်နေ့ (အောက်တိုဘာ ၂၉) တွင် မြေငူကျွန်းပေါ်မှ စစ်ကဲပြင်ကျေးရွာကို စစ်ဆေးခဲ့သော လက်နက်ကိုင်များ ယနေ့တွင် ပြိုင်းတောင်ကျေးရွာသို့ ရောက်လာပြီး နေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ပြိုင်းတောင်ကျေးရွာမှ အမျိုးသားတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။

“စစ်ကဲပြင် မွတ်စလင်ရွာနားမှာ ရဲကင်းတစ်ခုရှိတယ်။ အဲဒီရဲကင်းကို ရဲသားတွေကလည်း မနေဘူးဆိုတော့ (ရွာသားတွေက) ဖြိုပစ်ကြတယ်။ အဲဒီကိစ္စနဲ့ စစ်ကဲပြင်ကို အရင်ဆုံးဝင်စစ်တယ်။ အင်အား ၈၀ လောက် ပါတယ်။ တပ်မတော်က စစ်သားတွေ များတယ်” ဟု ၎င်းက ဆိုသည်။

ရွာသားတချို့မှာ ကြောက်လန့်ထွက်ပြေးနေကြကြောင်း၊ နယ်မြေခံ နယ်ခြားစောင့်ရဲကင်းတစ်ခုဖြစ်သော ဆင်တမော်ရဲစခန်း စခန်းမှူးလည်း စစ်ဆေးရာတွင် ပါဝင်ကြောင်း သိရသည်။

စစ်သားများက နယ်မြေစိုးမိုးရေးဆောင်ရွက်ရန်နှင့် စခန်းစစ်ဆေးရန် လာရောက်ခြင်းဖြစ်သည်ဟု ပြောဆိုကြောင်း ပြိုင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်က ပြောသည်။

“ကျွန်တော်တို့ကို ခေါ်ပြီးတော့ သူတို့ပြောတာက စခန်းကို ဖြိုပစ်တာ မှန်လား၊ မမှန်လား ဆိုတာကို ကြည့်ဖို့ လာတယ်လို့ ပြောပါတယ်” ဟု ဦးသန်းလှိုင်က ဆိုသည်။

“အဲဒီ စစ်ကဲပြင်အနီးက ရဲကင်းစခန်းမှာ ရဲတွေမနေတာ တစ်နှစ်ကျော်လောက်ရှိပြီ ထင်ပါတယ်။ သူတို့ (စစ်တပ်) ပြောတာကတော့ အင်အားနည်းလို့ ဆုတ်ထားတာလို့ ပြောပါတယ်။ အဲဒီရဲစခန်းမှာ အဆောင်တွေက ခြစားနေပြီ။ အဲဒါကို ဖြိုပစ်တဲ့သဘောလား မသိဘူး။ ဘာကြောင့်ဖြိုလဲဆိုတာကိုတော့ မသိဘူး။ ဖြိုတာတစ်ခုကိုပဲ သိပါတယ်”

ယနေ့နံနက် ၉ နာရီခန့်တွင် ဦးထွန်းပေါ်နေအိမ်ကို စစ်သားများက ဝင်ရောက်ရှာဖွေခဲ့ပြီး မွန်းတည့်  ၁၂ နာရီခန့်တွင် လှူဖွယ်ပစ္စည်းများပါလာသည်ဟု ဆိုကာ ပြိုင်းတောင်ကျေးရွာဘုန်းကြီးကျောင်းသို့ ထွက်ခွာသွားကြောင်း ၎င်းက ဆက်ပြောသည်။ 

ရဲကင်းစခန်း ဖြိုဖျက်ခံရပြီး ရက်ပိုင်းအတွင်း စစ်ကဲပြင်ကျေးရွာမှ ရိုဟင်ဂျာတစ်ဦးကို ဆင်တမော်ရဲစခန်းမှ ရဲများက လာရောက်ဖမ်းဆီးခဲ့သည်။ ထိုသူ၏ ထွက်ဆိုချက်အရ ရဲကင်းစခန်း ဖြိုဖျက်ရာတွင် ပါဝင်ခဲ့သူများကို စစ်တပ်က လာရှာခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ 

မြေငူကျွန်းပေါ်တွင် ရွာပေါင်း ၂၂ ရွာ ရှိပြီး လာရောက်ရှာဖွေခံရသည့် စစ်ကဲပြင်နှင့် ပြိုင်းတောင်သည် ကပ်လျက်တည်ရှိသည်။  

တိုက်ပွဲများရပ်တန့်နေပြီး ဒေသအတွင်းအခြေစိုက်သည့် ရက္ခိုင့်တပ်တော် (AA) လှုပ်ရှားသည့် ရခိုင်ပြည်နယ်တွင် အောက်တိုဘာနောက်ဆုံးပတ်၌ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူ၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် စစ်တပ်ထောက်ခံပွဲများ ပြုလုပ်ခဲ့ကြသည်။

ပြီးခဲ့သည့် (အောက်တိုဘာ ၂၈) ကလည်း မင်းပြားမြို့ ခြေမြန်တပ်ရင်း (ခမရ) ၅၄၁ တပ်ရင်းမှ အင်အား ၆၀ ခန့်ပါ စစ်ကြောင်းတစ်ခုသည် မင်းပြားမြို့နှင့် ၅ မိုင်ခန့်ဝေးသော AA စိုးမိုးနယ်မြေ ချော်ချောင်းရွာအနီး ဝင်ရောက်လာပြီး ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဆုတ်သွားသည့်စစ်ကြောင်းမှာ ဖလောင်းပြင်ကျေးရွာဘုန်းကြီး‌ကျောင်း၌ တပ်စွဲ နေထိုင်ခဲ့သဖြင့် နှစ်ဖက်ထိတွေ့ကာ တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ယခုရက်ပိုင်း၌ မြေပုံမြို့နယ်ရှိ AA ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်က အင်အားတိုးချကာ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာနေကြောင်း ဒေသခံများထံမှ သိရသည်။

AA  နှင့် စစ်ကောင်စီတပ်တို့ကြား နားလည်မှုဖြင့်သာ နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေခဲ့သည်မှာ တစ်နှစ်ခန့်ကြာမြင့်ပြီ ဖြစ်သည်။ သို့သော် နှစ်နှစ်ကျော် အပြင်းအထန်ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် စစ်ရှောင်များမှာ လက်ရှိအချိန်ထိ နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်သည်။

ထိုသို့ တိုက်ပွဲများ ပြန်မဖြစ်သော်လည်း တစ်ဖက်နှင့်တစ်ဖက် စောင့်ကြည့်နေဆဲအခြေအနေဟု AA ဘက်က ထုတ်ဖော်ပြောဆိုထားပြီး စစ်ကောင်စီကလည်း ဒေသတွင်း ဩဇာကြီးထွားလာသည့် AA ကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Related Articles

Back to top button