သတင်း

စစ်တပ်၏ လက်နက်ကြီးကြောင့် မိုးဗြဲတွင် ပြည်သူနှစ်ဦး သေဆုံး 

ယနေ့ (အောက်တိုဘာ ၂၉) တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အခြေစိုက် ခမရ (၄၂၂) က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း မိုးဗြဲလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

မိုးဗြဲမြို့နှင့် တစ်မိုင်အကွာ စပါးခင်းထဲမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ထိုအသင်းမှ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

မိုးဗြဲမြို့ စည်ကား (၂) ရပ်ကွက်နေ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးမှာ နံနက် ၁၀ နာရီကျော်အချိန် ၎င်း၏ တောင်ယာခင်းတွင် လက်နက်ကြီးကျည်စ ထိမှန်ကာ ဝမ်းဗိုက်ပွင့်ထွက်၍ သေဆုံးခဲ့ကြောင်း၊ သူနှင့်အတူ စပါးရိတ်နေသည့် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားမှာလည်း ယာဘက်လက်မောင်း ဒဏ်ရာရသွားကြောင်း ပြောသည်။

မွန်းလွဲ သုံးနာရီခန့်တွင် ပေါ်ဦး (၁) ရပ်ကွက်နေ အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးကျည်စထိမှန်ကာ ဝမ်းဗိုက်ပွင့်ထွက် သေဆုံးခဲ့ပြီး ၎င်း၏ သားဖြစ်သူ အသက် ၁၁ နှစ်အရွယ် ယောက်ျားလေးမှာလည်း ဦးခေါင်းရှပ်ထိသွားသည်ဟု သိရသည်။ 

“ဆုံးသွားတယ်ဆိုတော့ (လက်နက်ကြီးက) တိုက်ရိုက်လာကျတာရှင့်။ မနက် ၁၀ နာရီ ဝန်းကျင်လောက်ကနေ ညနေ သုံးနာရီခွဲလောက်ထိ အဆက်မပြတ်ပစ်နေတယ်” ဟု အထက်ပါ လူမှုရေးအသင်းဝင်က ပြောသည်။

နံနက်ပိုင်း လက်နက်ကြီးထိ၍ သေဆုံးခဲ့သည့် အမျိုးသမီး၏ စပါးစိုက်ခင်းမှာ ကားလမ်းမနှင့် ကပ်လျက်တွင် တည်ရှိပြီး မွန်းလွဲပိုင်းက သေဆုံးခဲ့သည့် အမျိုးသား စပါးရိတ်သည့်နေရာမှာ အလှမ်းဝေးကြောင်း ၎င်းက ပြောသည်။

“လွိုင်ကော်ဘက်ကနေမှ သူတို့ (စစ်တပ်က) စစ်ကူလာတယ်ပြောတယ်၊ ဖယ်ခုံကို လာဖို့ပေါ့နော်။ စစ်ကူတွေ ထွက်လာတော့ မိုးဗြဲမှာ PDF တွေရှိတဲ့သတင်းကလည်း ရတော့လေ၊ သူတို့လမ်းကြောင်းကို ရှင်းတဲ့အနေနဲ့ မိုးဗြဲကို လက်နက်ကြီးတွေပစ်ခတ်တာ” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ဖယ်ခုံဇုန် တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖယ်ခုံမြို့ပေါ်၌ လမ်းသွားလမ်းလာပြည်သူများကို ဒူးထောက်ခိုင်းကာ အကြောင်းမဲ့ ရိုက်နှက်စစ်ဆေးနေကြောင်း၊ ရပ်ကွက်အတွင်း နေအိမ်အချို့ကို တံခါးရိုက်ချိုးပြီး ပစ္စည်းများ ဝင်ရောက်ယူဆောင်နေကြောင်း ၎င်းက ပြောသည်။

အောက်တိုဘာ ၂၃ တွင် ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ (၃၃၆) ၏ ကင်းစခန်းတစ်ခု တိုက်ခိုက်ခံရပြီး ရဲမေ ၃ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့သည်ကို အကြောင်းပြု၍ စစ်တပ်က ဖယ်ခုံတွင် စစ်အင်အားဖြည့်တင်းခြင်း၊ နယ်မြေရှင်းလင်းခြင်းများ ယနေ့အထိ ပြုလုပ်နေကြောင်း အထက်ပါ KNDF တပ်ဖွဲ့ဝင်က ပြောသည်။

အောက်တိုဘာ ၂၄ တွင် စစ်တပ်၏ လက်နက်ကြီးကြောင့် မိုးဗြဲမြို့ခံ အမျိုးသမီးတစ်ဦး ၎င်း၏ နေအိမ်အနီး သေဆုံးခဲ့ပြီး ကလေး ၂ ဦးအပါအဝင် ၆ ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီတပ်၏ ယနေ့ မိုးဗြဲမြို့ပစ်ခတ်မှုနှင့် ပတ်သက်ပြီး တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်စိုးနိုင်ဦးကို ယနေ့ ညနေပိုင်းတွင် မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။

စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် အရပ်သား ၁၂၂၀ ထက်မနည်း သေဆုံးခဲ့ရသည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်မှုများကို လက်လှမ်းမီသလောက် စောင့်ကြည့်နေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ယနေ့ အောက်တိုဘာ ၂၉ တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ထိုအသင်း၏ ကိန်းဂဏန်းကို လက်မခံနိုင်ကြောင်း အကြိမ်ကြိမ်ပြောဆိုထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button