မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းရွာ စာသင်ကျောင်း၌ တပ်စွဲထားသည့် စစ်တပ်ကို အောက်တိုဘာ ၁၅ ရက်ညက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦးအပါအဝင် တပ်သား ၁၁ ဦး ပွဲချင်းပြီးသေဆုံးကာ သုံးဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်း ဒေသအခြေစိုက် ဇီးရိုးပြောက်ကျားတပ်ဖွဲ့က ဆိုသည်။
လက်လုပ် စိန်ပြောင်း၊ လက်နက်ငယ်များသုံးကာ ည ၁၀ နာရီအချိန်တွင် ရုတ်တရက် ဝင်ရောက်စီးနင်းသည့် ထိုတိုက်ပွဲအတွင်း အင်အား ၂၀ ဦးခန့်ရှိ စခန်းမှ စစ်သားငါးဦးသာ မစိုးရိမ်ရဒဏ်ရာဖြင့် လွတ်မြောက်ခဲ့ကြောင်း၊ ဒေသခံတို့ဘက်မှ ထိခိုက်မှုမရှိကြောင်း ဇီးရိုးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က Myanmar Now ကို ပြောသည်။
သေဆုံးခဲ့သည့် ဗိုလ်ကြီးမှာ မိတ္ထီလာမြို့နယ် အမှတ် ၁၁၃ ခြေမြန်တပ်ရင်းမှ ထွန်းထွန်းအောင် (ကြည်း ၆၃၉၃၆) ဖြစ်ပြီး ရုပ်အလောင်းများကို တိုက်ပွဲဖြစ်ပြီး နောက်တစ်နေ့ (အောက်တိုဘာ ၁၆) နံနက်တွင် စစ်ကောင်စီက တာလပတ်ဖြင့် အုပ်ကာ လာရောက်သယ်ဆောင်သွားကြောင်း ထိုသူကပင် ပြောသည်။
ထိုအကြောင်းကို အောက်တိုဘာ ၁၆ ရက်က Facebook မှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီနှင့် ပတ်သက်သည်ဟု ယူဆရသူတို့က သေဆုံး၊ ဒဏ်ရာ ရသည်ဆိုသော ကိန်းဂဏန်းများမှာ မှန်ကန်မှုမရှိကြောင်း မှတ်ချက်တွင် ဝိုင်းဝန်းရေးသားကြပြီးနောက် Report မိကာ ပြုတ်ကျသွားသည်ဟု ဇီးရိုးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ဆိုသည်။
“ကျွန်တော်တို့က ပြောက်ကျားစနစ်ဖြစ်တဲ့အတွက် သူတို့အင်အားနဲ့ သူတို့သွားပုံလာပုံ နယ်မြေအနေအထား ဝင်ပေါက်ထွက်ပေါက်တွေကို လေ့လာပြီးမှ တိုက်ရတာ ဖြစ်တဲ့အတွက် အတိအကျပြောနိုင်တာပါ”ဟု ၎င်းက ပြောသည်။
ထိုသူ၏ အဆိုအရ ထိုဖြစ်စဉ်ပေါ်ပေါက်ပြီးနောက်တွင် ဆူးဖြူကုန်းနှင့် အနီးတစ်ဝိုက်တွင် စစ်ကောင်စီက အင်အားတိုးမြှင့်ချထားလျက်ရှိပြီး ယနေ့ (အောက်တိုဘာ ၁၈) အထိ ၃၅၀ နီးပါး ရှိနေပြီဟု သိရသည်။
ထို့အတူ ရွာနီးချုပ်စပ်ရှိ ဒေသခံများပါ ဖမ်းဆီးခံနေရသည်ဟု နွားထိုးကြီးရှိ စစ်အာဏာသိမ်းမှုဆန့်ကျင်သူ အချို့ထံမှ သိရသည်။
သို့သော် တိုက်ပွဲအတွင်း ထိခိုက်၊ သေဆုံးမှုများကို စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးသလို နောက်ဆက်တွဲဖြစ်စဉ်များနှင့် ပတ်သက်၍လည်း သီးခြားအတည်မပြုနိုင်သေးပေ။ ပေါ်ပေါက်နေသည့် စိုးရိမ်ဖွယ်ရာ လုံခြုံရေးအခြေအနေကြောင့် ဒေသခံအချို့ကလည်း မှတ်ချက်ပေးရန် ငြင်းဆိုသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သည့် နိုင်ငံအနှံ့ မြို့ရွာများတွင် ပါဝင်သည့် နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးပါ သုံး၍ အပြင်းအထန်နှိမ်နင်းနေသည်။
စက်တင်ဘာလအတွင်း၌ပင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် လျှော်ဖြူကျေးရွာရှိ နေအိမ်တစ်လုံးကို ထိမှန်ခဲ့ပြီး နေအိမ်တစ်ခုမှ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ရသည်။
စစ်တပ်ပိုင် ဆက်သွယ်ရေးလုပ်ငန်း Mytel တာဝါတိုင်များကို ဖျက်ဆီးခြင်း၊ စစ်ကောင်စီ၏ သတင်းပေးများကို ရှင်းလင်းခြင်းများ အဓိကလုပ်ဆောင်နေသည့် ဇီးရိုးပြောက်ကျားတပ်ဖွဲ့သည် ဇါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရဲစခန်းကို ဇွန် ၂၂ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးပြီး ရဲနှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ဖူးသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်



