မေးမြန်းခန်း

အင်တာဗျူး၊ “ဖိအားပေးတဲ့ အခါမှာလည်း အာဆီယံတစ်ခုတည်းနဲ့ မရဘူး”

လူထုရွေးချယ်သည့် တရားဝင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သာလျှင် အာဆီယံအစည်းအဝေးတက်ခွင့်ရှိသည်ဟု စာပို့အကြောင်းကြားချက်ကို အာဆီယံအဖွဲ့အတွင်း ဆွေးနွေးရာမှ ထူးခြားသည့် ဖြစ်ထွန်းမှု ပေါ်ပေါက်ခဲ့သည်ဟု NUG အစိုးရ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောလိုက်သည်။ 

အောက်တိုဘာ ၂၆  အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် “ နိုင်ငံရေးနှင့် မသက်ဆိုင်သူ ကိုယ်စားလှယ်” ကိုသာ တက်ရောက်ခွင့်ပြုမည်ဟု ယနေ့ ( အောက်တိုဘာ ၁၆) နံနက်ပိုင်းက ထုတ်ပြန်သည့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။  

အာဆီယံထိပ်သီးအစည်းအဝေးတွင် စစ်ကောင်စီ “နိုင်ငံရေးအရ ကိုယ်စားပြုခွင့်” မရရှိမှုနှင့် ပတ်သက်ပြီး ဦးမိုးဇော်ဦးကို ဆက်သွယ်မေးမြန်းထားသည်။

မေး − ဒီလထဲမှာ ကျင်းပမဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီရော NUG ဘက်ကရော တက်ရောက်ခွင့် မရရှိဘူးလို့ သိရတယ်။ ဘာများ မှတ်ချက်ပေးချင်ပါသလဲ။ 

ဖြေ – အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ကလည်း ဒီအစည်းအဝေးကို တက်ဖို့အတွက် အကြောင်းကြားခဲ့ပါတယ်။ ဒီအာဆီယံရဲ့ ထိပ်သီးဆွေးနွေးပွဲဆိုတာ တကယ့် တရားဝင်အစိုးရတွေပဲ တက်ရတဲ့ အစည်းအဝေးဖြစ်တယ်လို့ နားလည်တယ်။ ကျွန်တော်တို့ NUG အစိုးရဟာ ပြည်သူလူထုကနေပြီးတော့ ရွေးကောက်တင်မြှောက်ထားတဲ့ တရားဝင်အစိုးရဖြစ်တဲ့အတွက်ကြောင့်၊ ဒီအစည်းအဝေးကို ကျွန်တော်တို့ လူထုအစိုးရကသာလျှင် တက်ခွင့်ရှိတဲ့ အတွက်ကြောင့် ကျွန်တော်တို့အစိုးရရဲ့ အကြီးအကဲတွေ တက်ရောက်မယ်ဆိုတဲ့ အကြောင်းကို အကြောင်းကြားခဲ့တယ်။ ဒီကြေညာချက်ထဲမှာ ကြည့်တဲ့အခါမှာ ကျွန်တော်တို့ မေတ္တာရပ်ခံထားတဲ့စာကို သူတို့ ရရှိတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လဲ ကျွန်တော်တို့ရဲ့ မိတ်ဆွေနိုင်ငံတချို့ကနေပြီးတော့မှ ကျွန်တော်တို့စာပေါ်မှာ အခြေခံပြီးတော့ ဘယ်သူတက်သင့်လဲဆိုတဲ့ကိစ္စတွေ ဆွေးနွေးကြတယ်ဆိုတာကို သိရတဲ့အတွက်ကြောင့် ကျွန်တော်တို့ တော်တော်လေး ဝမ်းသာပါတယ်။ ဘာပဲဖြစ်ဖြစ် အာဆီယံအနေနဲ့က တိုးတက်မှုတစ်ခုအနေနဲ့ပဲ ကျွန်တော်တို့ ယူဆပါတယ်။ ဒီမှာကတော့ အငြင်းပွားမှုတွေဖြစ်လာတဲ့ အတွက်ကြောင့် အငြင်းပွားမှုတွေပေါ်မှာ မူတည်ပြီးတော့ ဘယ်သူတက်သင့်တယ်ဆိုတဲ့ ကိစ္စက ဆုံးဖြတ်ချက်မရဘူးဆိုပြီးတော့ ကြေညာချက်ထဲမှာ တွေ့ရပါတယ်။ အဲ့ဒါကြောင့် သူတို့အနေနဲ့က ကျွန်တော်တို့ကိုလည်း မဖိတ်ဘူး၊ စစ်ကောင်စီကိုလည်း မဖိတ်ဘဲနဲ့ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ကိုယ်စားလှယ်ကို ဖိတ်ပါမယ်ဆိုပြီးတော့ ထည့်သွင်းရေးသားထားတာကို တွေ့ရပါတယ်။ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ကိုယ်စားလှယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့လည်း ဘယ်လိုလဲဆိုတဲ့ဟာကိုတော့ တိတိကျကျတော့ မသိရသေးဘူး။ ကျွန်တော်တို့ ဒီဝေါဟာရကိုပေါ့ အတိအကျတော့ နားမလည်သေးပါဘူး။

မေး − စစ်အုပ်စုနဲ့ ပတ်သက်ရင် အမြဲတမ်း ထောက်ခံမှုပေးခဲ့တဲ့ အာဆီယံက ဒီတစ်ခါ အာဏာသိမ်းမှုမှာ စစ်အုပ်စုဘက်က မရပ်တည်တော့တာမျိုးဟာ ဝန်ကြီးတို့ NUG အတွက် အောင်မြင်မှုလို့ ပြောရင် ရနိုင်မလား။ 

ဖြေ – ဟုတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဆီယံ Charter (ပဋိညာဉ်စာတမ်း) ရဲ့ နိဒါန်းမှာ ပါဝင်တဲ့ တန်ဖိုးတွေကိုလည်း အဖွဲ့ဝင်နိုင်ငံအားလုံးကနေပြီးတော့ လိုက်နာရမဲ့ ဝတ္တရားရှိတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ အခု အာဆီယံက အလေးထားလာတာကို တွေ့ရတဲ့ အတွက်ကြောင့် ကျွန်တော်တို့ အများကြီးဝမ်းသာတယ်။ နောက်တစ်ခုကလည်း ကျွန်တော် စောစောကပြောခဲ့တဲ့အတိုင်းပဲ ကျွန်တော်တို့ရဲ့ ဒီစာတွေပေါ့။ ပြောရမယ်ဆိုရင်တော့ အာဆီယံခေါင်းဆောင်များရဲ့ အစည်းအဝေးမှာကတည်းက ကျွန်တော်တို့က စာပို့ခဲ့တယ်။ အာဆီယံခေါင်းဆောင်များရဲ့ အစည်းအဝေး ဧပြီလ ၂၄ ရက်နေ့ပေါ့လေ အဲ့ဒီမှာလုပ်ခဲ့တဲ့ အစည်းအဝေးမှာကတည်းကကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရကနေပြီးတော့ တက်ရောက်ဖို့ကိုပေါ့ အကြောင်းကြားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပေးပို့ခဲ့တဲ့စာကို သူတို့အစည်းအဝေးမှာ ဖတ်ကြားခဲ့တယ်လို့ သိရတယ်။ ဒါကလွဲလို့ ကျွန်တော်တို့ကို တရားဝင်အကြောင်းပြန်ကြားတာတို့၊ ဆက်သွယ်တာတို့၊ ကျွန်တော်တို့ရဲ့ တင်ပြချက်နဲ့ ပတ်သက်ပြီးတော့ အကျေအလည်ဆွေးနွေးတာတို့ မရှိခဲ့ဘူးပေါ့။ အခုကတော့ ဘာပဲဖြစ်ဖြစ်က အာဆီယံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးမှာ ကျွန်တော်တို့ရဲ့ စာနဲ့ ပတ်သက်ပြီးတော့ အကျေအလည်ဆွေးနွေးခဲ့တယ်ဆိုတာကို သိရတဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ ကိုယ်စားပြုမှု၊ ပြည်သူလူထုရဲ့ ရွေးကောက်တင်မြှောက်မှုနဲ့ ပတ်သက်ပြီးတော့ အာဆီယံရဲ့ အသိအမှတ်ပြုမှုပေါ့ ဒါတွေကို တွေ့လာရတဲ့အတွက်ကြောင့် ဒါ ကျွန်တော်တို့ရဲ့ အောင်ပွဲလို့ ပြောလို့ရပါတယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ ပြည်သူလူထုရဲ့ အောင်ပွဲပေါ့ဗျာ။

မေး –  ဖိအားပေးမှုတွေ အရေးယူပိတ်ဆို့မှုတွေ မရှိဘဲနဲ့ စစ်အုပ်စုက အာဆီယံက တောင်းဆိုထားတဲ့ ဘုံသဘောတူညီချက်တွေကို လွယ်လွယ်ကူကူ အကောင်အထည်ဖော်မယ်လို့ ယူဆပါသလား။ 

ဖြေ – ကျွန်တော်တို့ အာဆီယံနဲ့ ပတ်သက်ပြီးတော့ အချက် ၅ ချက်ပါတဲ့ ဒီဘုံသဘောတူညီချက်တစ်ခုကို ချကတည်းက ကျွန်တော်တို့ သတိပေးခဲ့တာ ရှိပါတယ်။ ဒီလိုသဘောတူညီချက်တွေ မပါတဲ့ အချက်တွေကို စစ်ကောင်စီကနေပြီးတော့ လိုက်နာဖို့ဆိုလို့ရှိရင် ဒီတိုင်းပြောလို့တော့ မရဘူး။ အထူးကိုယ်စားလှယ်ခန့်အပ်ပြီးဖြစ်ဖြစ်ပေါ့၊ အထူးကိုယ်စားလှယ်ကနေ ဆောင်ရွက်မယ်ဆိုတာမျိုးနဲ့တော့ မရဘူး။ ဒီနောက်မှာ ဒီလိုမျိုး သဘောတူညီချက်ကို တကယ်လက်တွေ့ အကောင်အထည်ဖော်လာဖို့ကို ဖိအားပေးဖို့ လိုတယ်။ အဲ့ဒီလို ဖိအားပေးတဲ့ အခါမှာလည်း အာဆီယံတစ်ခုတည်းနဲ့ မရဘူး။ အားလုံးပေါ့ မိတ်ဆွေနိုင်ငံတွေ၊ နိုင်ငံတကာမှာရှိတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာရှိတဲ့ မိတ်ဆွေနိုင်ငံတွေ အားလုံးကနေပြီးတော့ ဝိုင်းဝန်းပြီးတော့ ဖိအားပေးရမယ်။ တောင်းဆိုရမယ်။ ဒါမှသာလျှင် ဒီမှာပါတဲ့ အချက် ၅ ချက်ပါ သဘောတူညီချက်ကို သူတို့ ဆောင်ရွက်မှာဖြစ်တယ်ဆိုတာကို အစောကြီးကတည်းက ကျွန်တော်တို့ ပြောထားခဲ့တာ ရှိပါတယ်။

မေး − အာဆီယံအနေနဲ့ စစ်ကောင်စီကို ဖိအားပေးမှုတွေလုပ်လာတာဟာ ဝန်ကြီးတို့ သတိပေးမှုတွေကို သဘောပေါက်နားလည်သွားပြီဆိုတဲ့ သဘောမျိုးလား။ 

ဖြေ – အခုကျတော့ အာဆီယံအနေနဲ့က ကောင်းကောင်းသဘောပေါက်သွားပြီပေါ့နော်။ ဒီလိုမျိုး

သဘောတူညီချက်ဆိုတာကို စစ်ကောင်စီက အလေးမထားဘူး။ ပူးပေါင်းဆောင်ရွက်မှုမရှိဘူး။ စိတ်ရှည်လက်ရှည် အာဆီယံဘက်က ကြိုးစားပေမဲ့လည်း အရာမထင်ခဲ့ဘူးဆိုတာကို အာဆီယံကလည်း ကောင်းကောင်းသဘောပေါက်လာတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒါနဲ့ပတ်သက်ပြီးတော့ သဘောပေါက်လာတယ်လို့ နားလည်ရတယ်။ ဘာကြောင့်လဲဆိုတော့ အခု ဒီရက်ပိုင်းအတွင်းမှာပဲ အာဆီယံရဲ့ ကြိုးပမ်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီးတော့ အားပေးထောက်ခံတဲ့သဘော ကြေညာချက်တွေကို ထုတ်ပြန်လာတာကို တွေ့ရတယ်ပေါ့နော်။ အာဆီယံကို ဆက်သွယ်ပြီးတဲ့ အခါကျတော့ စကားပြောတာတွေ ဘာတွေ တကယ့် ကမ္ဘာ့နိုင်ငံတွေကနေ ပြောဆိုဆက်ဆံတာတွေကို ကျွန်တော်တို့ ကြားရတဲ့အတွက်ကြောင့် ဒါ တဖြည်းဖြည်းနဲ့တော့ သဘောပေါက်လာပြီလို့ ယူဆရတယ်ပေါ့နော်။ သေချာတာကတော့ တာဝန်ယူ၊ တာဝန်ခံပြီးတော့ ဆောင်ရွက်ဖို့အတွက်ကို ဖိအားပေးမှု မရှိဘဲနဲ့ကတော့ သူတို့က အကောင်အထည်ဖော်၊ ပူးပေါင်းဆောင်ရွက်မှုရှိလာမှာ မဟုတ်ဘူးဆိုတဲ့ဟာက အာဆီယံရဲ့ အခုကြေညာချက်က သက်သေပြလိုက်တယ်လို့ပဲ နားလည်ပါတယ်ခင်ဗျ။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button