စစ်ကောင်စီတပ်၏ ရန်ကြောင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာမှ ထွက်ပြေးတိမ်းရှောင်နေရသူများထဲမှ အသက် ၇၀ ကျော်အရွယ် အမျိုးသား၂ ဦး နာမကျန်းဖြစ်၍ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သေဆုံးသွားကြသည်။
ဦးတင်ကိုးနှင့် ဦးဖိုးကြွယ်တို့ အောက်တိုဘာ ၂ နှင့် ၄ တို့တွင် သေဆုံးခဲ့သည်ဟု နှမ်းခါးလူငယ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ယနေ့ (အောက်တိုဘာ ၆) တွင် ပြောသည်။
“ပြေးရင်းနဲ့ သူတို့က အသက်ကြီးတဲ့သူတွေဆိုတော့ စိတ်လှုပ်ရှားတာတို့၊ အမောဖောက်တာတို့ ဘာတို့၊ အဲဒီလို သွေးတိုးတာတွေ၊ ပြေးလွှားရပင်ပန်းတဲ့ဒဏ်တွေ မခံနိုင်တာပေါ့။ ဆေးကတော့ တတ်နိုင်သမျှ ဆေးအဖွဲ့နဲ့ ကုပေးနေတယ်။ ဒါပေမဲ့ ကြီးတဲ့သူဆိုတော့ ရာသီဥတုက အကူးအပြောင်းနဲ့ ပင်ပန်းတဲ့ဒဏ် မခံနိုင်ကြတာ”ဟု ထိုအမျိုးသားက ဆိုသည်။
အောက်တိုဘာ ၃ တွင် မွှေ့လယ်ရွာနှင့် နှမ်းခါးရွာကြား တပ်စွဲထားသည့် စစ်တပ်က နှမ်းခါးရွာအတွင်းနှင့် စစ်ရှောင်များပုန်းခိုမည်ဟု ယူဆရသည့် နေရာများကို လက်နက်ကြီးဖြင့် အချက် ၂၀ ကျော် ပစ်ခတ်ခဲ့သည်။
ရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၀ ဝန်းကျင် အမျိုးသမီးနှင့် ၇ နှစ်အရွယ် မိန်းကလေး ဒဏ်ရာရရှိခဲ့သည်ဟု နှမ်းခါးလူငယ်အဖွဲ့ထံမှ သိရသည်။
“ရွာထဲမှာ ပုန်းနေတုန်း ထိတာ၊ အမျိုးသမီးပဲ နှစ်ယောက်လုံး။ တစ်ယောက်ကတော့ ၇ နှစ်ဝန်းကျင်ပဲ။ သူက နဖူးပြဲသွားတယ်။ အမျိုးသမီးက လက်ကျိုးသွားတယ်” ဟု သူက ဆိုသည်။
ကလေး-ဂန့်ဂေါလမ်းဘေးရှိ အိမ်ခြေ ၁,၀၀၀ ဝန်းကျင်ရှိ နှမ်းခါးကျေးရွာကို စစ်တပ်က ၅ ကြိမ် ဝင်ရောက်စီးနင်းအပြီး နေအိမ် ၅၈ လုံး မီးရှို့ခံထားရသည်။ သြဂုတ်လတွင် နှမ်းခါးရွာအတွင်းစီးနင်းမှုတွင် အသက် ၇၀ ကျော် ဦးကံထောက်ဆိုသူ အဘိုးအို ရိုက်နှက်ခံရပြီး သေဆုံးသွားသည်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) များ အားကောင်းသည့် အဆိုပါ ဂန့်ဂေါဒေသအတွင်း မေလကုန်မှစ၍ စစ်တပ်က စီးနင်းဝင်ရောက်နေ၍ ဒေသခံအများစု ထွက်ပြေးနေရပြီး နှမ်းခါးကျေးရွာမှ ဒေသခံများသည် ဇွန်လမှ စတင် တိမ်းရှောင်ခဲ့ရသည်။
နှမ်းခါးကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေသူများထဲတွင် စစ်ရှောင်နေသောနေရာ၌ ကျန်းမာရေးမကောင်းသူ အများအပြားရှိနေသေးသည်ဟု နှမ်းခါးလူငယ်အဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။
ဂန့်ဂေါဒေသ တိုက်ပွဲအခြေအနေ၊ နှမ်းခါးရွာနေအိမ်များကို မီးရှို့မှုနှင့် ပတ်သက်ပြီး Myanmar Now က စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။ သတင်းဌာနတချို့က သူ့ကို ထိုရွာအကြောင်း မေးခွန်းများပေးပို့ဖူးသော်လည်း ဖြေဆိုအကြောင်းပြန်ခြင်း မရှိဟု သိရသည်။
နှမ်းခါးအပါအဝင် ဒေသအသီးသီးတွင် စစ်သားနှင့် ရဲများကြောင့် အများပြည်သူ ဒဏ်ရာရ၊ သေဆုံးသည့် ဖြစ်ရပ်များကို စစ်ကောင်စီက သတင်းအမှောင်ချထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p



