အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာကို စစ်တပ်က ဝင်စီးပြီး နေအိမ်များမီးရှို့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာကို အောက်တိုဘာ ၁ ရက်နေ့ ညနေပိုင်းကတည်းက ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့နေသည့်အပြင် စစ်ဘေးရှောင်များရှိရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံနှစ်ဦးက ဆိုသည်။

ယမန်နေ့ (အောက်တိုဘာ ၂) နံနက်ပိုင်းတွင် ရွာအနောက်ပိုင်းရှိ နေအိမ် ၇ လုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ကာ မီးငြှိမ်းသတ်ရန် သွားရောက်သည့် လူငယ်များကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ပြီး ယမန်နေ့တွင် နေအိမ်အချို့ကို မီးထပ်ရှို့ခဲ့ကြောင်း ထယ်လှော်ရွာဒေသခံတစ်ဦးက ပြောသည်။ 

“အခု ရွာကို လှမ်းမြင်နေရတယ်။ မီးခိုးလုံးတွေထွက်နေတာကို။ မနက် ၇ နာရီကနေ စရှို့တာ။ အခုထိ မီးခိုးတွေထနေတုန်းပဲ။ မြင်ရသေးတယ်” ဟု ၎င်းက ယနေ့ (အောက်တိုဘာ ၃) နံနက်ပိုင်းတွင် Myanmar Now ကို ပြောသည်။ 

ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်ကလည်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ထယ်လှော်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဒေသခံရွာသားတစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်တစ်ဦးကို သတ်ဖြတ်ခဲ့သည်။ 

အိမ်ခြေ ၃၀၀ နီးပါးနှင့် လူဦးရေ တစ်ထောင်ဝန်းကျင်ရှိ ထယ်လှော်ရွာတွင် ယနေ့အထိ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရသဖြင့် စားဝတ်နေရေးနှင့် ကျန်းမာရေးအပါအဝင် အထွေထွေကျပ်တည်းမှုကို ရင်ဆိုင်နေရချိန်၌ စစ်ကောင်စီတပ်က ရွာကို ထပ်မံဝင်ရောက်စီးနင်းကာ တပ်စွဲခဲ့ခြင်းဖြစ်သည်။ 

စစ်ကောင်စီတပ်သည် ရွာရှိ နေအိမ်များကို မီးရှို့နေသည့်အပြင် စစ်ဘေးရှောင်များ ပုန်းခိုနေရာသို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း အထက်ပါ ထယ်လှော်ရွာဒေသခံ အမျိုးသားက ဆိုသည်။

“မနက်ပိုင်းပစ်ပြီးရင် နေ့လယ်ပိုင်း ခဏနားပြီးရင် မီးရှို့တော့တာဗျ။ မနေ့က ရွာကို ပြန်တဲ့သူတွေကိုတောင် သူတို့တောင် အပစ်ခံရတယ် ပြောတယ်။ သူတို့လဲ ရွာစပ်မှာပဲ အပစ်ခံရပြီးတော့ ပြန်လာရတာပေါ့နော်။ မီးတွေဘာတွေတော့ နည်းနည်းပါးပါးသတ်ခဲ့တယ်။ သူတို့က သေနတ်နဲ့ပြန်ပစ်တော့ ပြန်လာခဲ့ရတာဗျ” ဟု ယမန်နေ့က အခြေအနေအပေါ် ၎င်းက ပြောသည်။

ထယ်လှော်ရွာကို စစ်တပ်က နောက်တစ်ကြိမ်ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်များမီးရှို့ခံရခြင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှု ရှိမရှိကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

ထို့အတူ စစ်ကိုင်းတိုင်းနှင့် ထိစပ်နေသည့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ထယ်လှော်ရွာတွင် နေအိမ်များ မီးထပ်ရှို့ခံရခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။  

“မနက်မိုးလင်းရင် စပစ်တော့တာ။ ကျနော်တို့တောဆီကို အရင်ပစ်တာ။ အခြားတောတွေရော အနှံ့ပစ်တော့တာ။ လေးငါးဆယ်ချက်လောက်တော့ ပစ်တယ်။ တစ်နေကုန်ထိုင်ပစ်တာတော့ မဟုတ်ဘူး။ အချိန်ပြည့်ပစ်နေတာတော့ မဟုတ်ဘူး။ ပစ်လိုက်ရပ်လိုက် အဲ့လိုပစ်နေတာ” ဟု နောက်ထပ် ထယ်လှော်ရွာဒေသခံတစ်ဦးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့တော်လှန်ရေးစတင်ကြောင်း စက်တင်ဘာ ၇ ရက်တွင် ကြေညာခဲ့ပြီးနောက် ဒေသအသီးသီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့ ထိစပ်နေသည့် ယောဒေသလည်း အပါအဝင်ဖြစ်သည်။

စစ်ကောင်စီတပ်က ၎င်းတို့ကို ခုခံသော ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို အပြင်းအထန်နှိမ်နင်းသည့်အပြင် ကျေးရွာအချို့ကို ဝင်ရောက်စီးနင်းကာ နေအိမ်များမီးရှို့ခြင်း၊ ဒေသခံများကို သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

စက်တင်ဘာ ၇ ရက်နောက်ပိုင်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာအချို့တွင် မီးရှို့ခံရသော နေအိမ်ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button