သတင်း

ဂွမြို့နယ် NLD အမတ် ဦးရဲခေါင်ညွန့် အပါအဝင် သုံးဦး ထောင်ဒဏ်များချမှတ်ခံရ

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုဖြင့် ဖမ်းဆီးခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်အပါအဝင် သုံးဦးကို ယမန်နေ့ (စက်တင်ဘာ ၂၇) တွင် ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရသည်။

ဦးရဲခေါင်ညွန့်နှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဂွမြို့၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးလူနီ (ခ) ဦးစိုးလှိုင်နှင့် ဒေသခံ ဦးအောင်စိုးမင်းတို့ကို ဖေဖော်ဝါရီလအတွင်း ကတည်းက စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။ 

၎င်းတို့သုံးဦးကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပါ ပုဒ်မ ၃၀ (က) တို့အရ ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဂွမြို့နယ် NLD ပါတီ အတွင်းရေးမှူးနှင့် မိသားစုဝင်များထံမှ သိရသည်။ 

“အမိန့်ချတဲ့အခါ ကိုရဲခေါင်ညွန့်ကို ၅၀၅ (ခ) နဲ့ ၂ နှစ်၊ ဘေးစီမံနဲ့ ၃ လ ချပါတယ်။ ဦးလူနီကို ၅၀၅ (ခ) တစ်မှုနဲ့ ၂ နှစ် အမိန့်ချပါတယ်။ ကိုအောင်စိုးမင်းကိုကျတော့ ဘေးစီမံ နဲ့ ၅ လ ချပါတယ်။ အမိန့်ချပြီးတာနဲ့ သံတွဲထောင်ကို ယူသွားပါတယ်။ ဒီကနေ့မှာ မိသားစုတွေနဲ့တော့ တွေ့ခွင့်ရလိုက်ပါတယ်။ ကျန်းကျန်းမာမာ မြင်လိုက်ပါတယ်” ဟု ဂွမြို့နယ် NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ထွန်းမင်းက ပြောသည်။

ထိုသို့ အမိန့်ချမှတ်ခြင်းနှင့် ပတ်သက်၍ အယူခံဆက်တက်ရန် မရှိတော့ကြောင်း ဦးလူနီ၏ သားဖြစ်သူ ကိုမြတ်ပိုင်စိုးက Myanmar Now ကို ပြောသည်။ 

ဂွမြို့နယ် NLD အမတ် ဦးရဲခေါင်ညွန့်မှာ ဖေဖော်ဝါရီ ၁၁ ညပိုင်း ဖမ်းဆီးခံခဲ့ရပြီး ဖေဖော်ဝါရီ ၁၃ တွင် ဂွမြို့အတွင်း ဆန္ဒပြခဲ့ကြသည့် ဂွမြို့၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးလူနီ (ခ) ဦးစိုးလှိုင်နှင့် မြို့မရပ်ကွက်နေထိုင်သူ ဦးအောင်စိုးမင်းတို့ ဖမ်းဆီးခံခဲ့ရသည်။ 

ဦးရဲခေါင်ညွန့်သည် ဂွမြို့နယ် NLD အလုပ်အမှုဆောင်တစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဂွမြို့နယ်ကိုယ်စားပြုကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ အနိုင်ရရှိခဲ့သူ ဖြစ်သည်။ 

စစ်အာဏာသိမ်းပြီးစအချိန် ဖေဖော်ဝါရီလဆန်းတွင် NLD ပါတီ အမာခံနယ်မြေများဖြစ်သည့် ရခိုင်ပြည်နယ်တောင်ပိုင်း ဂွ၊ တောင်ကုတ်၊ မာန်အောင်၊ သံတွဲနှင့် အမ်းမြို့နယ်တို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပေါ်ထွက်ခဲ့သည်။ 

ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် ရခိုင်ပြည်နယ်တောင်ပိုင်းမှ NLD ထိပ်ပိုင်းခေါင်းဆောင်များ အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ NLD အမာခံ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းကာ ပုဒ်မအသီးသီးဖြင့် အရေးယူခဲ့သည်။

ရခိုင်ပြည်နယ်ရှိ NLD ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ဝန်ကြီးချုပ် ဦးညီပု၊ ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်၊ ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်၊ တောင်ကုတ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင်၊ NLD ရခိုင်ပြည်နယ် ဒုဥက္ကဋ္ဌ ဦးစိုးလေး၊ တောင်ကုတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ တောင်ကုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော၊ ပါတီလူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါ်မိုးဆန်းစုကြည်နှင့် စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းလှိုင်တို့ ထိန်းသိမ်းခံထားရသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button