စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကျေးရွာတချို့သို့ ဖြတ်သန်းသွားသော စစ်ကောင်စီတပ်က လမ်းပြရန် စေခိုင်းခြင်း၊ စားနပ်ရိက္ခာယူဆောင်ခြင်း၊ လက်ကိုင်ဖုန်းများ စစ်ဆေးပြီး ဆင်းကတ် (Sim Card) ဖြုတ်ယူခြင်း စသည့် အမှုများ ကျူးလွန်နေသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်တပ်ကို လက်နက်ကိုင်ပြန်ခုခံနေသည့် စစ်ကိုင်းတိုင်းတွင် လတ်တလော စစ်ရေးတင်းမာနေသည့် ကနီမြို့နယ်နှင့် ကပ်လျက်ဖြစ်သော ဘုတလင်မြို့နယ်အတွင်း ခြေလျင်တပ်များ ဖြတ်သန်းသွားချိန်တွင် ကျေးရွာ ၄ ရွာခန့်တွင် ထိုသို့ ကျူးလွန်နေခြင်းဖြစ်သည်ဟု ဆိုသည်။
ကျေးရွာတစ်ရွာမှ အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက စက်တင်ဘာ ၂၁ တွင် ထိုသို့ ကြုံတွေ့ခဲ့ရသည်ဟု ပြောသည်။
“အိမ်ရှေ့လူ(စစ်သား)တွေ အများကြီးရောက်လာပြီးတော့ အိမ်ထဲဝင်လာတယ်။ အိမ်ရှေ့ရောက်နေပြီဆိုတော့ ပြေးလည်း မလွတ်တော့ဘူး။ ကံပဲဆိုပြီးတော့ ကလေးအိပ်နေတဲ့အခန်းထဲ ဝင်ပြီးပုန်း၊ ဖုန်းဆက်မလို့ ဖုန်းခေါ်နေတုန်းရှိသေးတယ်၊ တံခါးကို ဖွင့်ပြီး ဝင်လာတာ။ ကျွန်မမှာ ကြောက်လိုက်တာ တုန်ကိုနေတာပဲ” ဟု ထိုအမျိုးသမီးက ပြောသည်။
“ဘယ်သူရှိသေးလဲ၊ ဖုန်းပေးဆိုပြီးတော့ ဖုန်းကို ယူသွားတယ်။ ပြီးတော့ ဆင်းကတ်ဖြုတ်ပေးတဲ့၊ ဆင်းကတ်ဖြုတ်တဲ့ကလစ် မရှိဘူးဆိုတော့ သူတို့မှာပါတာနဲ့ ဖြုတ်ယူသွားတယ်။ ကျွန်တော်တို့ လုပ်ချင်လို့ လုပ်တာမဟုတ်ပါဘူး။ အထက်က ခိုင်းလို့လုပ်ရတာပါ။ ဒီကတ်တွေကို ကျွန်တော်တို့လည်း မသုံးပါဘူး။ မီးရှို့ပစ်ချင်လည်းပစ်ရမှာပါတဲ့ ပြောသွားတယ်”
ထိုသို့ စစ်သားများက ဖုန်းသိမ်းဆည်းသွားသည့်အပြင် နေအိမ်အတွင်း ရေသောက်ခြင်း၊ အစားအသောက်တောင်းယူခြင်းများ ပြုလုပ်သွားသည်ဟု ဆိုသည်။
၎င်းကျေးရွာအတွင်း အိမ်ထဲအထိ ဝင်ကာ စစ်ဆေးမေးမြန်းခြင်း၊ အိမ်အပြင်ဘက် ထွက်ခိုင်းခြင်း၊ လမ်းတွင်တွေ့သည့် အမျိုးသားများကို လမ်းပြခေါ်ဆောင်ခြင်းတို့ကို စစ်တပ်က လုပ်ဆောင်ခဲ့ကြောင်း ရွာခံများက ပြောသည်။
ကနီမြို့နယ်နှင့် ဘုတလင်မြို့နယ် ဖြတ်သန်းသွားလာသည့် ကားလမ်းများပေါ်ရှိ တံတားများမှာ ဗုံးခွဲခံထားရသည်များ ရှိသည့်အတွက် စစ်သားများက လုံခြုံရေးအရ ရွာလမ်းများ၊ တောလမ်းများကို အသုံးပြုသွားလာနေခြင်း ဖြစ်မည်ဟု ရွာသားတစ်ဦးက ဆိုသည်။
“ကျွန်တော်အပါအဝင် ၃ ယောက် လမ်းပြလိုက်ပေးရတယ်။ မင်းတို့ကို ဘာမှ မလုပ်ဘူး။ လမ်းလိုက်ပြရုံပဲလို့တော့ ပြောတယ်။ ခေါ်တော့လည်း မတတ်နိုင်ဘူး။ လိုက်ပြပေးရတယ်။ သူတို့က အားလုံး ၇၉ ယောက်လို့ သူတို့ပြောနေတာ ကြားတယ်။ ကျွန်တော်တို့ရွာကနေပြီးတော့ ၂ မိုင်ကျော်ကျော်လောက်အထိ လိုက်ပို့ရတယ်။ လမ်းမပေါ်က မသွားချင်ဘူးဆိုလို့ ကျွန်တော်တို့ တောထဲကနေ ဖြတ်ပြီးပို့ပေးရတာ”ဟု စစ်ကောင်စီတပ်၏ ရန်ကြောင့် သတင်းတွင် အမည်ဖော်ပြမခံလိုသော ထိုအမျိုးသားက ပြောသည်။
“ကျွန်တော်တို့ဖုန်းထဲက ဆင်းကတ်တွေကို သိမ်းတယ်။ သူတို့လည်ပင်းမှာ ဖုန်းဆင်းကတ်ဖြုတ်တဲ့ ကလစ်လေးကို ကြိုးနဲ့ဆွဲထားတာ၊ ဖြုတ်ပြီးတော့ ဘူးလေးတစ်ခုထဲကို ရှေ့မှာတင်ထည့်တာ၊ အဲ့ဒီဘူးလေးအပြည့်ပဲ၊ ဆင်းကတ်တွေမြင်ခဲ့ရတယ်”
စစ်သားများက ၎င်းတို့ဆုံတွေ့ရသူများထံမှသာ ဆင်းကတ်များ တောင်းယူသိမ်းဆည်းသွားခြင်း ဖြစ်သည်ဟု သိရသည်။
ထိုစစ်သားများသည် အရပ်သားများကဲ့သို့ ဝတ်ဆင်ထားပြီး၊ ကျောပိုးအိတ်၊ ခြင်းကြားများ လွယ်ထားသည်ကို တွေ့ရကြောင်း၊ ကျေးရွာများအနီးတွင် ရွာဘုန်းကြီးကျောင်းများ၌ စခန်းချကြပြီး ရွာအတွင်းမှ ကြက်များ တောင်းယူချက်ပြုတ်ကာ ပိုက်ဆံအနည်းငယ်ပေးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ကနီ၊ ဘုတလင်၊ မုံရွာဒေသ စစ်တပ် အသွားအလာပြုလုပ်နိုင်သည့် လမ်းကြောင်းတစ်လျှောက်မှ ကျေးရွာများသည် လုံခြုံရေးအရ တယ်လီဖုန်းကို မဖြစ်မနေအသုံးပြုရသည်ဟု ဒေသခံများက ဆိုသည်။
“ကျွန်တော်တို့ အချင်းချင်းသတိပေးတယ်ဆိုတာက တခြားကြောင့်မဟုတ်ဘူး။ ကျွန်တော်တို့လည်း ဘာမှမလုပ်ဘူး။ ကြောက်လို့၊ ဒီလူတွေက ဘာလုပ်မယ်မသိဘူး။ သတ်မှာလား၊ ဖမ်းမှာလည်း၊ ပေါ်တာဆွဲမှာလား၊ ဘာမှမသိရဘူး။ အဲဒီတော့ သူတို့လာပြီဆို ကျွန်တော်တို့ရှောင်နိုင်ဖို့၊ အချင်းချင်းသတိပေးပြီး နေကြရတာ၊ ကျွန်တော်တို့ လမ်းပြလိုက်ပို့ပြီးတော့ သူတို့လိုချင်တဲ့နေရာရောက်တော့ တစ်ယောက်က ပြန်လွှတ်နေပြီ၊ အဲ့ဒါကို တစ်ယောက်က ဗိုလ်ကြီး၊ ဒီကောင်လေးက အရွယ်ကောင်းလေး၊ ခေါ်ခဲ့ရမလားတဲ့၊ အဲဒီလိုတွေဖြစ်မှာကို ကြောက်တာ”ဟု လမ်းပြခေါ်ခံရသူ အထက်ပါအမျိုးသားက ဆက်ပြောသည်။
၎င်းတို့လိုက်ပို့ခဲ့ရသည့် စစ်သားများသည် ကနီမြို့နယ်ဘက်မှ ဘုတင်လင်ဘက်သွားသည့် စစ်သားများဖြစ်ပြီး ကပ်လျက် ရွာဘုန်းကြီးကျောင်းတွင် စခန်းချနေသည်ဟု ကြားရကြောင်း၊ ရွာမှ တိမ်းရှောင်နေသော်လည်း တစ်ဖက်ရွာနှင့် အဆက်အသွယ်ပြတ်သွားသည့်အတွက် တခြားလမ်းကြောင်းမှ သွားသည်အထင်ဖြင့် ပြန်လာစဉ် စစ်တပ်နှင့် ထိပ်တိုက်တွေ့ပြီး ခေါ်ဆောင်ခံရကြောင်း ထိုရွာသားများထံမှ သိရသည်။
စစ်ကောင်စီသည် တိုက်ပွဲများပြင်းထန်နေသည့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့အတွင်းရှိ မြို့နယ်အများအပြားကို အင်တာနက်ဖြတ်တောက်ထားချိန်တွင် ဘုတလင်မြို့နယ်မှ ဒေသခံတချို့သည် ထိုသို့ ဖုန်းဆင်းကတ်များကိုပါ သိမ်းဆည်းခံခဲ့ရခြင်း ဖြစ်သည်။
ဆင်းကတ်သိမ်းယူမှု၊ ဒေသခံတို့ကို ခိုင်းစေမှု၊ အင်တာနက်ဖြတ်တောက်မှုတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးအရာရှိတို့ကို မေးမြန်းရန် ကြိုးစားသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရခဲ့ပေ။
လက်ရှိတွင် အဆိုပါကျေးရွာများမှ ဒေသခံများက စစ်ကြောင်းများ ထပ်မံရောက်ရှိလာမည်ကို စိုးရိမ်ကြောက်ရွံ့နေကြသည်ဟု ဘုတလင်မြို့နယ် ကျေးလက်ဒေသမှ အမည်မဖော်လိုသူ အထက်ပါ အမျိုးသမီးက ဆိုသည်။
“အဲ့ဒီကောင်တွေ (စစ်သားတွေ) က ပြောသွားသေးတယ်။ ကျွန်တော်တို့ကတော့ ခင်ဗျားတို့ကို ဘာမှမလုပ်ဘူး။ ကျွန်တော်တို့က သဘောကောင်းတယ်။ နောက်တစ်ဖွဲ့ကျန်သေးတယ်။ အဲ့ဒီအဖွဲ့လာရင်တော့ သဘောကောင်းပါစေ ဆုတောင်း၊ ရှောင်ဖြစ်အောင်ရှောင်ပါတဲ့။ ကျွန်မတို့ဘာလုပ်ရမလဲကို မသိဘူး”ဟု ရွာခံအမျိုးသမီးက ဆက်ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၄ တွင် မန္တလေးတိုင်း မြင်းခြံ၊ မိုးကုတ်၊ မကွေးတိုင်း တောင်တွင်းကြီး၊ စစ်ကိုင်းတိုင်းမှ အရာတော်၊ ယင်းမာပင်၊ ကနီ၊ ပုလဲ၊ ရေဦး၊ တန့်ဆည်တို့အပါအဝင် ဘုတလင်မြို့နယ်ကို ပါ စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p