
ယနေ့ (စက်တင်ဘာ၂၃) တွင် ပဲခူးမြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလူငယ်တစ်ဦးကို နေအိမ်တွင် သွားရောက်ပစ်ခတ်ဖမ်းဆီးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိုလူငယ်၏ မိခင်ကိုပါ ခေါ်ဆောင်သွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
နံနက် ၁၀ နာရီခန့် ဟင်္သာကုန်း ၁၉ ရပ်ကွက်၊ ဇေယျာအောင်မြေလမ်းတွင် နေထိုင်သော အသက် ၂၄ နှစ် အရွယ် ကိုစည်သူကောင်းမြတ်ကို ဖမ်းဆီးရန် ရဲများက အရပ်သုံးကား ၂ စင်းဖြင့် ရောက်လာခဲ့ကြသည်။ ကိုစည်သူကောင်းမြတ်က ထွက်ပြေးရန် ပြင်ဆင်စဉ် ရဲများက ပစ်ခတ်ခဲ့သည်ဟု အဆိုပါ မျက်မြင်သက်သေက ပြောသည်။
“သူ့အမေရှေ့တင် ကောင်လေးကို သေနတ်နဲ့ သုံးချက်ပစ်လိုက်တာ။ ကောင်လေးက ထွက်ပြေးဖို့ အလုပ်မှာ။ ကျွန်တော် တိတိကျကျသိတာ ရင်အုံကို မှန်ထားတယ်” ဟု ထိုအမျိုးသားက ပြောသည်။
မိခင်ဖြစ်သူက အိမ်အောက်ထပ်တွင် ရှိနေပြီး လူငယ်က နေအိမ်အပေါ်ထပ်၌ ရှိနေစဉ် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ထိုအမျိုးသားက ဆက်ပြောသည်။
ကျန်းမာရေးမကောင်းသည့် အသက် ၅၀ အရွယ် မိခင်ဖြစ်သူကို လက်ထိတ်ခတ်နေချိန်တွင် နေအိမ်အတွင်း ရှာဖွေကြကြောင်း ၎င်းက ဆိုသည်။
“ပစ်ခတ်ပြီးတဲ့အချိန်မှာ သူ့အမေကိုလည်း လက်ထိတ်ခတ်ပြီး ကားပေါ်ဆွဲတင်လိုက်တယ်။ ကောင်လေးကို မသယ်သေးဘူး။ အိမ်ပေါ်မှာ ပစ္စည်းတွေဘာတွေလိုက်ရှာ မွှေနှောက်ရှာဖွေပြီး လိုတဲ့ပစ္စည်းတွေယူ၊ ဆိုင်ကယ်တွေဘာတွေပါ ယူပြီး ကောင်လေးကို ကားပေါ်ဆွဲတင်တယ်” ဟု သူက ပြောသည်။
ဒဏ်ရာရထားသော ထိုလူငယ်ကို ပဲခူးဆေးရုံကြီးသို့ ပို့ဆောင်ထားသည်ဟု သိရှိရပြီး ၎င်းမိခင်ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားမှန်း မသိရှိရကြောင်း ဒေသခံများက ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် ပဲခူးမြို့ရဲစခန်းများကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း တုံ့ပြန်ချက် မရရှိသေးပေ။
အာဏာသိမ်းစစ်ကောင်စီ၏ မတရားဖမ်းဆီးမှု၊ သတ်ဖြတ်မှုများကို မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စက်တင်ဘာ ၂၂ အထိ အချက်အလက်များအရ အရပ်သားပြည်သူ ၁၁၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၆၆၉၈ ဦး ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ လူငယ်များကို ပစ်မှတ်ထားဖမ်းဆီးနေဆဲဖြစ်သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p