သတင်း

ဘူးသီးတောင်မှ ကျေးရွာတာဝန်ခံတချို့ကို စစ်တပ်က ခေါ်ယူခြိမ်းခြောက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းမှ ကျေးရွာတာဝန်ခံ ၆ ဦးကို စစ်ကောင်စီတပ်က ခေါ်ယူစစ်ဆေးပြီး ခြိမ်းခြောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာ ၁၉ တွင် ဘူးသီးတောင်မြို့မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ ပီရွက်၊ တောင်ဘာဇာ ၊ ငါးရံချောင်း၊ ကျီးနှုတ်သီး၊ တရဂူ စသည့်ကျေးရွာများမှ ကျေးရွာတာဝန်ခံတို့ကို ပီရွက်ကျေးရွာ၊ စေတီတောင်တောင်ကုန်းပေါ်မှ ဓမ္မာရုံအတွင်း ၂ နာရီခန့် ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ 

ရက္ခိုင့်တပ်တော် (AA) ကို ရိက္ခာနှင့် ငွေကြေးထောက်ပံ့မှုရှိမရှိ၊ ကျေးရွာအနီးဝန်းကျင်တွင် AA တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုတို့ကို မေးမြန်းခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

“AA ကို ဆန်တွေ ငွေတွေထောက်ပံ့တာ ဟုတ်လားဆိုပြီးတော့ စစ်ဆေးတာပါ။ သူတို့ (AA) ကို ကြောက်ပြီး ငါတို့ကို မကြောက်တာလားဆိုပြီး မေးတယ်။ (ကျေးရွာတာဝန်ခံတွေက) သေနတ်ပါရင်၊ သေနတ်ကိုင်ထားရင် အားလုံးကို ကြောက်ပါတယ်လို့ ပြောလိုက်ပါတယ်၊ ကြားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ခြေမြန်တပ်ရင်း  ၅၃၅ မှ အသက် ၄၀ ကျော်ခန့်အရွယ် တပ်ရင်းမှူး မောင်မောင်ကျော် ဦးဆောင်သည့်အဖွဲ့က ခေါ်ယူခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

“သူ (တပ်ရင်းမှူး)က အဲဒီမှာကျနေတာ သိပ်မကြာသေးဘူးထင်ပါတယ်။ သူတို့က ရပ်ရွာထိခိုက်လာဖို့၊ ရပ်ရွာနစ်နာလာဖို့ပြောတဲ့ ဒီစကားက သိပ်ရင့်သီးပါတယ်။ တစ်ခုခုဖြစ်တယ်ဆိုရင် ရပ်ရွာကို ဒုက္ခပေးမယ်ဆိုတဲ့သဘော ရှိနေပါတယ်” ဟု အထက်ပါ အမည်အဖော်လိုသူက ပြောသည်။

စစ်တပ်၏ ခြိမ်းခြောက်မှုကြောင့် ဒေသခံများ စိတ်မသက်မသာဖြစ်နေကြသည်ဟု သိရသည်။

ပီရွက်ကျေးရွာအနီး စေတီတောင်တောင်ကုန်းပေါ်မှ အဆိုပါတပ်ရင်းတွင် စစ်သည်အင်အား ၈၀ ခန့်ရှိသည်ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

“ပီရွက်ရွာ စေတီရှိတဲ့ တောင်ကုန်းက ဓမ္မာရုံမှာစစ်ဆေးတာလို့ သိရပါတယ်။ ပတ်ဝန်းကျင်တွေမှာ အင်အားချထားတာတွေ၊ သူ့တဲလေးတွေနဲ့သူ အင်အား ၈၀ နီးပါးလောက်ရှိမယ်။ အစတည်းက သူတို့က ပီရွက်ရွာ စေတီကုန်းတောင်မှာ တပ်စွဲနေကြတာပါ”ဟု ၎င်းဒေသခံက ဆိုသည်။

“တစ်ခုခုဖြစ်ရင် ရပ်ရွာတွေနစ်နာလာမယ်၊ ရပ်ရွာတွေထိခိုက်လာမယ်ဆိုပြီးတော့ ခြိမ်းခြောက်ပါတယ်။ ဒီလို ခြိမ်းခြောက်မှုတွေက ကျွန်တော်တို့ပြည်သူတွေအတွက် လုံးဝလုံခြုံမှုမရှိဖြစ်သွားတယ်။ ကျွန်တော်တို့ကို ခြိမ်းခြောက်တဲ့အတွက် အခုသူတို့ကိုကြောက်နေရတဲ့ အခြေအနေဖြစ်နေပြီ”  

ပြီးခဲ့သည့် သြဂုတ်လအတွင်း မင်းပြားမြို့နယ်၊ လက်မကျေးရွာအတွင်း လုယက်သောင်းကျန်းနေသော ဓားပြအဖွဲ့တစ်ခုကို ရွာခံလူကြီးများက AA သို့ တိုင်ကြားခဲ့ခြင်းကြောင့် AA က  လာရောက်ဖြေရှင်းပေးခဲ့သည်။

ရခိုင်ပြည်နယ်တွင် AA ၏ ဩဇာကြီးမားလာပုံကို ကိုဗစ်ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် လုပ်ရပ်များတွင် ထင်ထင်ရှားရှားတွေ့ခဲ့ရသည်။

ယင်းနောက်ပိုင်းတွင် ပြည်နယ်စစ်ကောင်စီက မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ ကျောက်ဖြူမြို့နယ်တို့မှ ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများကို ခေါ်ယူဖိအားပေးလာသည်။

ဘူးသီးတောင်မြို့တွင်းတစ်နေရာအား စက်တင်ဘာ ဒုတိယပတ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Supplied)

ပြီးခဲ့သည့် သြဂုတ် ၂၉ တွင် မောင်တောမြို့နယ် ဦးရှည်ကျကျေးရွာမှ အသက် ၃၁ နှစ်အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရူဘီအာလောမ်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်။ သြဂုတ် ၃၁ မနက်တွင်မူ အဆိုပါအုပ်ချုပ်ရေးမှူး၏ ဒဏ်ရာများနှင့် ရုပ်အလောင်းကို  မောင်တောခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြသည်။

စစ်ကောင်စီတပ်၏ လက်အတွင်း ထိုသို့ သေဆုံးမှု၊ အုပ်ချုပ်ရေးမှူးများကို ဖိအားပေးနေမှုတို့နှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး၏ တယ်လီဖုန်းနံပါတ်ကို ယနေ့ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ်မရခဲ့ပေ။

ယခုလ စက်တင်ဘာပထမအပတ်တွင် ကျောက်တော်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးအချို့ကို ခေါ်ယူပြီး AA ၏ တရားစီရင်ရေးကို လက်မခံရန်၊ AA က ခိုင်းသည်များကို မလုပ်ကြရန်၊ AA တပ်ဖွဲ့ဝင်များ လာလျှင် သတင်းပေးရန် ပြောဆိုခဲ့ပြီး လိုက်နာမှုမရှိပါက အရေးယူမည်ဟု ခြိမ်းခြောက်မှုများရှိခဲ့သည်။

ရခိုင်ပြည်နယ်တွင် အပစ်အခတ် ရပ်စဲထားကြသော်လည်း AA နှင့် စစ်ကောင်စီတပ်များ တစ်ဖက်နှင့်တစ်ဖက် စောင့်ကြည့်နေကြသည်။

မကြာသေးခင်က AA တပ်ဖွဲ့ဝင်များ၏ နေရာနှင့် အရေအတွက် မေးမြန်းကာ ကိုဗစ်နိုင်တင်းကာကွယ်ဆေးထိုးပေးမည်ဟု ပြည်နယ်စစ်ကောင်စီက ကမ်းလှမ်းထားသည်။ 

ကာကွယ်ဆေးခွဲတမ်းရရှိပါကလည်း စစ်ဒဏ် အပြင်းအထန်ခံစားခဲ့ရသည့် ရခိုင် ၆ မြို့နယ်မှ ပြည်သူများကိုသာ ထိုးနှံပေးမည်ဟု AA က ယမန်နေ့ (စက်တင်ဘာ ၂၁) တွင် ထုတ်ပြန်ထားသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button