သတင်း

ကိုဗစ်ကာကွယ်ဆေးကိစ္စ စစ်ကောင်စီနှင့် ညှိနှိုင်းနေဆဲဟု AA ပြော

ရက္ခိုင့်တပ်တော် (AA) အဖွဲ့ဝင်များကို ကိုဗစ်နိုင်တင်း (Covid-19) ကာကွယ်ဆေးထိုးပေးမည်ဟု ပြည်နယ်စစ်ကောင်စီ၏ ကမ်းလှမ်းချက်နှင့် ပတ်သက်ပြီး ညှိနှိုင်းနေဆဲသာဖြစ်ကြောင်း AA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ပြောသည်။ 

“ကြားခံပုဂ္ဂိုလ်တွေကတစ်ဆင့် ကျွန်တော်တို့ ဆက်လက်ညှိနှိုင်းနေတုန်းပါ။ ဘယ်လိုထိုးမယ်၊ ဘယ်လိုလက်ခံမယ်ဆိုတာကို အတိအကျအချက်အလက်တွေကို အသေအချာညှိပြီးမှ စုံစုံလင်လင်ပြောလို့ရမယ်” ဟု ဦးခိုင်သုခက Myanmar Now ကို ယနေ့ ပြောသည်။

ရခိုင်ပြည်နယ်စစ်ကောင်စီက ပြည်နယ်အတွက် ဒုတိယအသုတ်ခွဲတမ်းရရှိထားသည့် တရုတ်နိုင်ငံထုတ် ဆိုင်နိုဖန်း (Sinopharm) ကာကွယ်ဆေးအလုံးရေ ၂၃၀,၀၀၀ ကို အုပ်စု ၁၆ စုကို ရွေးချယ်ကာ စက်တင်ဘာ ၁၈ မှ စတင်ထိုးပေးနေခြင်းဖြစ်သည်။

ထိုဦးစားပေးအုပ်စု ၁၆ အုပ်စုထဲတွင် ရခိုင်ပြည်နယ်ရှိ EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များလည်း ပါဝင်သည်ဟု ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဒေသအခြေစိုက် သတင်းသမားများကို ပြောသည်။

AA နှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) ဟူ၍ တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ရှိသည်။ ALA သည် အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သော်လည်း ကာကွယ်ဆေးထိုးခွင့် ရရှိမည်မဟုတ်ကြောင်း ၎င်းက ပြောဆိုထားသည်။ 

မည်သည့်နေရာတွင် ကာကွယ်ဆေးမည်မျှလိုအပ်မှုရှိကြောင်း ပြည်နယ်စစ်ကောင်စီက မေးမြန်းခဲ့သည်ဟု AA က ရခိုင်ဘာသာဖြင့် ယနေ့ (စက်တင်ဘာ ၂၁) ရက်စွဲဖြင့် ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။ 

ထိုအချက်အလက်များနှင့် ပတ်သက်ပြီး အတိုင်းအတာတစ်ခုအထိသာ ပေးနိုင်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ 

စစ်ကောင်စီဘက်မှ ကာကွယ်ဆေး ၄ သောင်းခန့် ပေးလာမည်ဆိုပါက AA အနေဖြင့် ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော စသည့် မြို့နယ် ၆ ခုမှ ပြည်သူများကို ဦးစားပေးထိုးရန် စဉ်းစားနေသည်ဟု ဆိုသည်။

ယင်းအပြင် စေတနာနှင့် ရည်ရွယ်ချက်ကို မကွဲပြားနိုင်သည့်အနေအထား၌ စစ်ရေး၊ လုံခြုံရေးဆိုင်ရာကို အလေးအနက်သတိထားချင့်ချိန်ကာ ဆက်လက်လုပ်ဆောင်သွားမည်ဟု AA ၏ ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါ ၆ မြို့နယ်သည် နှစ်နှစ်တာစစ်ပွဲကာလအတွင်း စစ်ဒဏ် အပြင်းအထန်ခံစားခဲ့ရသော ဒေသများဖြစ်သည်။ 

ဒေသတွင်း အပစ်အခတ်ရပ်စဲထားသည်မှာ ၁၀ လခန့် ရှိလာပြီဖြစ်သော်လည်း စစ်တပ်နှင့် AA တို့ စစ်ရေးအခြေအနေမှာ စောင့်ကြည့်နေကြပြီး သဘောတူညီချက် ကြီးကြီးမားမားမရှိကြောင်း AA ဘက်က ပြောဆိုထားသည်။ 

ယခင်က ရခိုင်ပြည်သူများကို ရနိုင်သမျှနည်းလမ်းဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးကြရန် AA က တိုက်တွန်းခဲ့ပြီးနောက် စစ်ကောင်စီက AA တပ်ဖွဲ့ဝင်များအား ကာကွယ်ဆေးပေးရန် ကမ်းလှမ်းလာခြင်း ဖြစ်သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button