
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၌ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်ကော်မတီဝင် မနှင်းထက်ဝေဆိုသူ သေနတ်ဒဏ်ရာဖြင့် သေဆုံးပြီး နောက်တစ်ရက် (စက်တင်ဘာ ၂၁) မွန်းလွဲပိုင်းတွင် အသက် ၂၀ အရွယ် အမျိုးသမီး ၆ ဦးကို စစ်ကောင်စီက ဖမ်းသွားသည်။
“မြို့ထဲမှာတော့ အကုန်လိုက်ဆွဲနေတယ်။ PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်) တွေကို ထောက်ပံ့တယ်ဆိုပြီးတော့ အိမ်တွေကို ဝင်ဖမ်းကြတာ။ မြို့ပေါ်မှာပဲ။ အသတ်ခံရတဲ့တစ်ယောက် စစ်တပ်သတင်းပေးဗျ။ တပ်ထဲ အဝင်အထွက်တွေလုပ်တယ်။ သူနဲ့မတည့်တဲ့သူတွေဆို အကုန်လျှောက်တိုင်တာ” ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
မနှင်းထက်ဝေမှာ ယမန်နေ့(စက်တင်ဘာ ၂၀) မွန်းလွဲပိုင်းက မြို့မရပ်ကွက်အတွင်း သေနတ်ဖြင့် သုံးချက်ပစ်ခံရ၍ သေဆုံးခဲ့ကြောင်း ကြံ့ခိုင်ရေးပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က ၎င်း၏ Facebook စာမျက်နှာတွင် အတည်ပြုရေးသားထားသည်။
သို့သော် ပြည်ခိုင်ဖြိုးပါတီဝင်အမျိုးသမီး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့် နေအိမ်အသီးသီးတွင် ယနေ့ ဖမ်းဆီးခံခဲ့ရသည်ဆိုသော အမျိုးသမီး ၆ ဦးတို့နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုမူ စုံစမ်း၍မရသေးပါ။
မည်သူ့လက်ချက်မှန်း မသိရသည့် သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက်တွင် စစ်တပ်က ချောင်းဦးမြို့၌ လုံခြုံရေးတင်းကျပ်ကာ၊ ရှာဖွေစစ်ဆေးမှုများ တိုး၍ လုပ်နေသည်ဟု အထက်ပါမြို့ခံထံမှ သိရသည်။
“အခုလက်ရှိကို ဖမ်းနေသေးတယ်။ စာရင်းမငြိမ်သေးဘူး”ဟု ၎င်းက ပြောသည်။
သေနတ်ဖြင့် ပစ်သတ်ခံရသည့် မနှင်းထက်ဝေမှာ စစ်တပ်အသိုင်းအဝိုင်းနှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်ပြီး အာဏာသိမ်းပြီးနောက်တွင် ၎င်းနှင့် အမြင်မတူသူများအပေါ် လီဆယ်တိုင်တန်းလေ့ရှိကြောင်း ထိုသူက ဆက်ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ချောင်းဦးမြို့တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF)ကို ထောက်ပံ့သည်ဟု စွပ်စွဲ၍ စက်တင်ဘာ ၁၈ မှ ယနေ့အထိ လေးရက်အတွင်း ဖမ်းဆီးခံရသူ ၁၂ ဦးရှိပြီဖြစ်ပြီး အားလုံးမှာ လူငယ်အမျိုးသမီးများဖြစ်ကြောင်း၊ မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကိုပင် စုံစမ်း၍မရကြောင်း အထက်ပါမြို့ခံကပင် ပြောသည်။
ဖမ်းဆီးခံရသူများ၏ အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်သေးသလို ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ ဒေသဆိုင်ရာ စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။
စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁မှစ၍ ၇လကျော် ကာလအတွင်း သတ်ဖြတ်ခံရသည့် ပါတီဝင်နှင့် ထောက်ခံသူ ၂၅၃ဦးရှိပြီဟု ကြံ့ခိုင်ရေးပါတီက စက်တင်ဘာ ၃ရက်တွင် ထုတ်ပြန်ထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p