သတင်း

လှည်းကူးတွင် စစ်ကောင်စီက အဖမ်းအဆီးကြမ်းနေ

စစ်ကောင်စီက လုံခြုံရေး ပိုမိုတင်းကျပ်လိုက်သော ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် စက်တင်ဘာ ၁၇ ရက်မှ ယနေ့(စက်တင်ဘာ ၂၀)အတွင်း ဖမ်းဆီးခံရသည့် ပြည်သူ ၇ ဦး အနည်းဆုံးရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

စက်တင်ဘာ ၁၂တွင် အောင်မင်္ဂလာရပ်ကွက်၊ သီတာအေး တိုးချဲ့ ၂ လမ်းရှိ စစ်တပ်ပိုင် Mytel ၏ ဆက်သွယ်ရေးတာဝါတိုင် ဖျက်ဆီးခံရခြင်း၊ ဒလန်ဟု သတင်းကြီးသူ ဒေါ်တင်ညိမ်း စက်တင်ဘာ ၁၄ ရက်နေ့က ရိပ်သာရပ်ကွက်၊ ရုံးဟောင်းလမ်းထိပ်တွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ရခြင်းတို့ ဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီက ထိုသို့ တုံ့ပြန်ခြင်းဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ် ငါးဦးက ပြောသည်။

အိမ်ငှားနေထိုင်သူ၊ ပရဟိတသမား၊ ဆန္ဒပြပွဲတွင် ပါဝင်ဖူးသူနှင့် သာမန်အရပ်သူအရပ်သားများ စက်တင်ဘာ ၁၇ တွင် ၂ဦး၊ ၁၈ရက်နေ့တွင် ၃ဦး၊ ၁၉ရက်တွင် ၂ ဦး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။

အောင်မင်္ဂလာရပ်ကွက် ငြိမ်းချမ်းဖြိုးလမ်းတွင် နေထိုင်သည့် ဦးသန်းဝင်းကို၊ သီတာအေး(၂) လမ်းတွင် နေထိုင်သည့် ကားဘော်ဒီလုပ်ငန်းလုပ်ကိုင်သူ ဦးမျိုးထွန်းတို့မှာ စက်တင်ဘာ ၁၇ ညပိုင်းက နေအိမ်၌ ဖမ်းဆီးခံခဲ့ရသည်ဟု ဦးမျိုးထွန်း၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက အတည်ပြုသည်။

“လမ်းထဲကို လာပြီး မေးစရာရှိလို့ဆိုပြီး ခေါ်သွားတာပဲ။ သူ့မိသားစုလည်း ဘာဖြစ်မှန်း မသိရဘူး။ ဘာကိစ္စနဲ့ ဖမ်းတာလဲဆိုတာကိုလည်း မပြောဘူး” ဟု ၎င်းက ပြောသည်။ ဖမ်းဆီးခံရသည့် ဖြစ်စဉ်အသေးစိတ်ကိုမူ အထက်ပါ သတင်းရင်းမြစ်ထံမှ အသေးစိတ်မသိရပေ။

စက်တင်ဘာ ၁၈ တွင် ဖမ်းခံရသူ သုံးဦးအနက် အောင်မင်္ဂလာရပ်ကွက် ကမ်းနားလမ်းတွင် နေထိုင်သည့် မယဉ်မာဆွေ ဆိုသူပါဝင်ပြီး မွန်းလွဲပိုင်း၌ နေအိမ်သို့ လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ကာယကံရှင်နှင့် ဆွေမျိုးနီးစပ်တော်သူက အတည်ပြုသည်။

“ဆန္ဒပြတယ်ဆိုပြီး ဓာတ်ပုံပြပြီး လာဖမ်းတာ၊ ကားသုံးစီးနဲ့ လာတာ၊ ကားကို လမ်းထိပ်မှာ ရပ်ထားပြီး ငါးယောက်က ဝင်ဖမ်းတယ်၊ ကျန်တဲ့ နှစ်ယောက်က မျက်နှာကို ဖုံးထားတယ်။ သူတို့က အိမ်လိုက်ပြတဲ့ သူတွေလား မသိဘူး။ တံခါးတွေကန်ဖွင့်ပြီး ဝင်လာပြီးတော့ ခေါ်သွားတာ” ဟု ၎င်းက ပြောသည်။

မယဉ်မာဆွေ၏ အသေးစိတ်အချက်အလက်များကိုမူ မသိရပါ။

သို့သော် ထိုနေ့ညတွင် ဖမ်းခံရသည့် ရိပ်သာရပ်ကွက် ရန်ကင်း ၁ လမ်းတွင် နေထိုင်သော ကိုဇော်ဇော်အောင်နှင့် ကိုထွန်းလှိုင်တို့မှာ ရပ်ရွာ၏ ပရဟိတလုပ်ငန်းများတွင် တက်ကြွစွာ လုပ်ဆောင်ပေးနေသူများဖြစ်ကြောင်း ထိုရပ်ကွက်တွင် နေထိုင်သည့် အခြားသတင်းရင်းမြစ်တစ်ဦးက အတည်ပြုသည်။

စက်တင်ဘာ ၁၉ ညပိုင်း၌ ပြည်တော်သာရပ်ကွက် ရေစင် ၁ လမ်းတွင် ဖမ်းဆီးခံရသည့် အိမ်ငှားနေထိုင်သူ လူငယ်နှစ်ဦးနှင့် ပတ်သက်၍မူ မည်သူမည်ဝါမှန်း အတည်မပြုနိုင်သေးကြောင်း၊ အမျိုးသားတစ်ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးထံမှ သိရသည်။

“အိမ်ငှားနေတဲ့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ကို ဖမ်းခေါ်သွားတာ။ ကောင်လေးကို ရိုက်နှက်ပြီး ကားနောက်ခန်းထဲ ထည့်ခေါ်သွားတယ်” ဟု ယင်းရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

Myanmar Now နှင့် အဆက်အသွယ်ရသည့် ဖမ်းဆီးခံရသူအချို့၏ မိသားစုနှင့် နီးစပ်သူတို့၏ ပြောဆိုချက်အရ စစ်ကောင်စီက မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကိုပင် စုံစမ်း၍ မရသေးဟု သိရသည်။

ထိုအဖမ်းအဆီးနှင့် ပတ်သက်ပြီး လှည်းကူးမြို့နယ်ရဲစခန်းကို ဖုန်းဖြင့် သုံးကြိမ်တိုင်တိုင် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။ 

အာဏာသိမ်းစစ်ကောင်စီ၏ စက်တင်ဘာ ၁၆ သတင်းထုတ်ပြန်ချက်တစ်ခုတွင် ရိပ်သာရပ်ကွက်နေ ကိုကိုချစ် (ခ) ဝေဖြိုး၊ ပြည်တော်သာရပ်ကွက်နေ မသဲအိဖြူတို့သည် Mytel တာဝါတိုင် ဓာတ်ဆီလောင်းမီးရှို့မှုဖြစ်စဉ်တွင် ကိုယ်တိုင်ပါဝင်ခဲ့သူများဖြစ်သည်ဟု စွပ်စွဲရေးသားထားသည်။

 တာဝါတိုင်ဖျက်ဆီးမှု၊ ဒလန်ဟု သတင်းကြီးသူ ဒေါ်တင်ညိမ်း သတ်ဖြတ်ခံရမှုများအတွက် မည်သည့်အဖွဲ့အစည်းကမှ ကြေညာချက် မထုတ်ပြန်သေးပေ။

လက်ရှိတွင် လှည်းကူးမြို့နယ်အတွင်း စစ်ကောင်စီက လုံခြုံရေး လွန်စွာတင်းကျပ်ထားသည်ဟု အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးက ပြောသည်။

“မြို့ပေါ်မှာ အခြေအနေက ဖမ်းတာတွေတော့ ရှိနေတယ်။ အစစ်အဆေးလည်း တင်းကျပ်တယ်၊ မသင်္ကာတဲ့လူဆို တားပြီး စစ်တာတွေ၊ မေးတာတွေရှိတယ်” ၎င်းက ပြောသည်။

ငြိမ်းချမ်းစွာဆန္ဒပြသည်ကိုပင် အကြမ်းဖက်နှိမ်နင်းသည့် စစ်ကောင်စီကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ လှည်းကူးမြို့နယ်အတွင်း မကြာခဏပေါ်ပေါက်နေချိန်တွင် လူမှုရေးအသင်းအဖွဲ့များကိုပင် မချန် စစ်တပ်က ဖိနှိပ်နေသည်။

Google မြေပုံတွင် တွေ့ရသော ရန်ကုန်နှင့် ပဲခူးတိုင်းနယ်စပ်ရှိ လှည်းကူးမြို့နယ်

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Related Articles

Back to top button