
စစ်ခေါင်းဆောင်များအခြေစိုက်ရာ နေပြည်တော်ဧရိယာအတွင်းရှိ စစ်ကောင်စီဂိတ်တစ်ခုကို ယနေ့(စက်တင်ဘာ ၁၄) မွန်းလွဲ ၂ နာရီခန့်က ပစ်ခတ်တိုက်ခိုက်ရာတွင် ဒုရဲအုပ်တစ်ဦးသေဆုံးသွားသည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက ပြောသည်။
ရန်ကုန်- မန္တလေးအမြန်လမ်း ၁၉၈ မိုင် နှင့် ၂ ဖာလုံ ကွာဝေးပြီး နေပြည်တော်သို့ ဝင်ရောက်ရာ လယ်ဝေးမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သည့် ရှမ်းစုဂိတ်ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ငွေစိုးက Myanmar Now ကို ပြောသည်။
“ကြိုတင်စီစဉ်ဆောင်ရွက်ထားတာတော့ မဟုတ်ဘူး။ တစ်ချက်ကို အနီးကပ်ပစ်ခတ်တာမှာ ဦးခေါင်းနေရာမျိုး ထိတယ်။ သူတို့ဘက်က ရုတ်တရက် ဖြစ်သွားတာပေါ့”ဟု ဗိုလ်ငွေစိုးက ဆိုသည်။
၎င်းတို့ဘက်မှ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း၊ ရှမ်းစုစစ်ဆေးရေးဂိတ်သည် ခရီးသွားပြည်သူများကို နိုင်ထက်စီးနင်းပြုမူလေ့ရှိ၍ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ထိုသို့ ဖြစ်ပွားပြီးနောက် ရှမ်းစုဂိတ်အနီးတွင် စစ်ကောင်စီက လုံခြုံရေးအင်အား တိုးချထားသည်ဟု လယ်ဝေးမြို့ခံတစ်ဦးက ပြောသည်။
“ပွိုင့်ကား ၇ စီးလောက်နဲ့ ရဲအင်အား အပြည့်ပဲ။ လက်နက်အပြည့်အစုံနဲ့။ အရင်က အဲ့ဒီလောက်မရှိဘူး” ဟု ၎င်းက ဆိုသည်။
နေပြည်တော်တွင် ဆင်နွှဲသည့် စစ်ဆင်ရေးသုံးကြိမ်ရှိပြီဖြစ်ပြီး ဩဂုတ် ၃၀ ရက် ပထမဆုံးအကြိမ်အဖြစ် ပျဉ်းမနားမြို့နယ်အတွင်း စစ်ယာဉ်တန်းတိုက်ခိုက်မှုတွင် စစ်သား ၁၁ ဦး သေဆုံးခဲ့သည်မှာ အအောင်မြင်ဆုံးဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) က ပြောသည်။
စက်တင်ဘာ ၁၀ ရက်က စစ်ကောင်စီ၏ သတင်းပေးတစ်ဦးဖြစ်သူ နေပြည်တော် ဥတ္တရသီရိမြို့နယ် မောင်ရမ်းကျေးရွာအုပ်စုနေ ဒေါ်ခင်မာဌေးကို လုပ်ကြံမှုမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) ၏ ဒုတိယမြောက် စစ်ဆင်ရေးဖြစ်သည်။
အထက်ပါ စစ်ရေးလှုပ်ရှားမှုများကို အထူးဒေသလက်နက်ကိုင်တပ်ဖွဲ့၊ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်တို့နှင့် ပူးပေါင်းလုပ်ဆောင်လေ့ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) ၏ ထုတ်ပြန်ချက်များကဆိုသည်။
နေပြည်တော်အတွင်း ဖြစ်ပွားသည့် အထက်ပါ ကိစ္စများနှင့် စပ်လျဉ်း၍ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပါ။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p