သတင်း

မန္တလေး စစ်ဆေးရေးဂိတ်ပေါက်ကွဲမှု နှစ်ဦးသေ၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ 

မန္တလေး၊ အောင်မြေသာစံမြို့နယ် ၁၉ လမ်းရှိ မြို့နယ်ဖြတ်ကျော်ခွင့်လက်မှတ် စစ်ဆေးရေးဂိတ် ယနေ့ (စက်တင်ဘာ ၁၃) နံနက် ၁၀ နာရီ၌ ဗုံးပေါက်ကွဲရာ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ကိုးဦးရှိကြောင်း စစ်ကောင်စီက ယနေ့ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ 

မန္တလေးမြို့နှင့် ပုသိမ်ကြီးမြို့ကြားရှိ အဆိုပါ ဗုံးပေါက်ကွဲမှုတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ကူညီကယ်ဆယ်ရေးသမားများက အခင်းဖြစ်ပွားပြီး ယနေ့မွန်းလွဲပိုင်းတွင် Myanmar Now ကို ပြောကြားထားသည်။ 

“နယ်ကျော်ကတ် စစ်ဆေးရေးဂိတ်မှာ ဖြစ်တာ။ ပူးပေါင်းအဖွဲ့နဲ့ စစ်နေတာ။ ပေါက်ကွဲမှုဖြစ်တော့ ရာအိမ်မှူး ဦးလှသန်းက နေရာမှာပဲ သေဆုံးသွားတယ်”ဟု အောင်မြေသာစံမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုမှ တစ်ဦးက ဆိုသည်။

“ကျွန်တော်တို့သယ်ပို့ပေးခဲ့ရတဲ့အထဲ ရဲမေတစ်ယောက်၊ ရဲတပ်သားတစ်ယောက် အပါအဝင် ၁၀ ယောက် ဒဏ်ရာရတယ်။ တစ်ဦးသေတယ်”

ယင်းနေရာသည် ပုသိမ်ကြီးမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့ကို နယ်ကျော်သွားလာခွင့်ကတ် စစ်ဆေးသည့်နေရာဖြစ်ပြီး စစ်သား၊ ရဲ၊ မီးသတ်၊ ယာဉ်ထိန်းရဲနှင့် အုပ်ချုပ်ရေးရုံးအဖွဲ့ဝင်များ ပူးပေါင်းကာ နေ့စဉ် စစ်ဆေးနေသောဂိတ်ဖြစ်သည်။

ပေါက်ကွဲမှုက လွန်စွာ ပြင်းထန်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသော မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

“အသံအကျယ်ကြီး ကြားရတယ်။ ပြီးတော့ အဲဒီနေရာကနေ ခုံတွေ၊ အစအနတွေ၊ သစ်ပင်‌တွေ လေပေါ် မြောက်တက်လာတယ်။ ချက်ချင်းပဲ ရဲတွေက (သေနတ်) မိုးပေါ်ထောင်ပြီး တရစပ်ထွက်ပစ်တယ်” ဟု သူက ဆိုသည်။

ရဲဝန်ထမ်းများ သေဆုံးသည်ဟု ကြားရကြောင်း၊ လူနာတင်ကား ၅ စီး လာခေါ်သည်ကို တွေ့မြင်ရကြောင်း သူက ဆက်ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများက ၁၉ လမ်း တလျှောက်လုံး ပိတ်ဆို့ကာ စုံစမ်းစစ်ဆေးနေသည်ဟု သိရသည်။

 စစ်ဗိုလ်တစ်ဦးအပါအဝင် ဒဏ်ရာပြင်းထန်သည့် ၈ ဦးကို နန်းတွင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု ယင်းနေရာသို့ သွားရောက်ကူညီခဲ့သည့် အခြားလူမှုကူညီရေးအသင်းတစ်ခုထံမှ သိရသည်။

“ ၈ ယောက်မှာ အနီရောင်အဆင့်ကတော့ သုံးပွင့်နဲ့ဗိုလ်ကြီးရယ်၊ မီးသတ်တစ်ယောက်ရယ်ဗျ။ ဗိုလ်ကြီးကတော့ ခါးထိထားတယ်။ မီးသတ်တွေက ခြေထောက်တွေ ဗုံးစမှန်ထားတယ်။ မော်တော်ပီကယ် (ယာဉ်ထိန်းရဲ) တစ်ယောက်က ခြေထောက်ကျိုးသွားတယ်”ဟု ၎င်းအသင်းမှ အသင်းသားတစ်ဦးက ပြောပြသည်။  

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ညနေကလည်း ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးအရှေ့ခြမ်း အာဇာနည်ကုန်းအနီး စစ်ကောင်စီယာဉ်တန်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်သားနှစ်ဦး သေဆုံးခဲ့သည်။

စက်တင်ဘာ ၇ တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က လက်နက်ကိုင်တော်လှန်ရေး စတင်ပြီဖြစ်ကြောင်း ကြေညာပြီးနောက် မန္တလေးတွင် နေရာအများအပြား၌ ပေါက်ကွဲမှု၊ ပစ်ခတ်မှုများ ပိုမို ဖြစ်ပွားနေသည်။

ယင်းနေ့မှာပင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ​​သင်ပန်းကုန်းရပ်ကွက်ရှိ ရဲကင်းစခန်းတစ်ခု၊ ​​မန္တလေးတောင်ခြေရှိ တပ်ရင်းတစ်ခု ဗုံးဖြင့် တိုက်ခိုက်ခံရပြီး နောက်တစ်နေ့ ညပိုင်း၌ မဟာအောင်မြေမြို့နယ်၊ အုတ်ကျင်းရပ်ကွက်၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးပေါက်စီ ပစ်သတ်ခံရသည်။ 

စစ်ကောင်စီအပေါ် ကြေညာလိုက်ပြီဖြစ်သည့် စစ်ပွဲတွင် ပြည်သူများ ပူးပေါင်းပါဝင်ကြရန်၊ ပြည်သူအချင်းချင်း ကူညီစောင့်ရှောက်ကြရန် စသည့်အချက်များပါဝင်သည့် ကြေညာချက်တစ်စောင်ကို မန္တလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) ကလည်း ထုတ်ပြန်ထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button