
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ ပင်တင်းရွာတွင် ယမန်နေ့ (စက်တင်ဘာ၁၂) ညနေပိုင်းက ပျူစောထီးအဖွဲ့ဝင်ဖြစ်သည့်အပြင် စစ်တပ်သတင်းပေး ဒလန်ဟု နာမည်ကြီးသူ အမျိုးသားတစ်ဦး ဓားဖြင့် ခုတ်သတ်ခံရသည်။
သတ်ဖြတ်ခံရသူမှာ အသက် ၄၀ ကျော် အရွယ်ရှိ ဦးစောထွန်းနိုင်ဖြစ်ပြီး ခင်ဦးမြို့မှ ပင်တင်းကျေးရွာသို့ အပြန်လမ်းတွင် ဓားဖြင့် အခုတ်ခံရခြင်းဖြစ်ကာ ဓားဒဏ်ရာ ၇ ချက်ထက်မနည်း တွေ့ရသည်ဟု အလောင်းကို မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံရွာသားတစ်ဦးက ဆိုသည်။
“ခင်ဦးမြို့ကနေ သူ့ရွာကို ဆိုင်ကယ်နဲ့ တစ်ယောက်တည်း ပြန်လာတဲ့အချိန်မှာ လမ်းမှာပဲ ဓားနဲ့ခုတ်ခံရတာ။ ပွဲချင်းပြီး နေရာမှာပဲ သေသွားတာ။ သူ့အလောင်းကို ရွာကို ပြန်မသယ်ဘဲ အခင်းဖြစ်နေရာမှာပဲ ထားပြီးတော့ မနက်ရောက်မှ လှည်းနဲ့သယ်ပြီး ခင်ဦးမြို့မှာပဲ (ယနေ့)သင်္ဂြိုဟ်လိုက်တယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
“သူက သတင်းပေးဒလန်၊ ပျူစောထီးအဖွဲ့ထဲမှာလည်း ပါတယ်လို့ ကြားရတယ်“ ဟုလည်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။
သေဆုံးသူ ဦးစောထွန်းနိုင်သည် စစ်တပ်သတင်းပေး ဒလန်ဖြစ်သည်ဆိုသော စွပ်စွဲချက်နှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
စက်တင်ဘာ ၁၁ ရက်ကလည်း ပျူစောထီးအဖွဲ့ဝင်ဟု ယူဆခံထားရသည့် ခင်ဦးမြို့နယ် ယောက်သွားအိုင်ကျေးရွာမှ အမျိုးသားတစ်ဦးနှင့် ခင်ဦးမြို့နယ်နှင့် ကပ်လျက်ရှိသည့် ကန့်ဘလူမြို့နယ် တရော်ကိုင်းကျေးရွာမှ အမျိုးသားတစ်ဦး သတ်ဖြတ်ခံခဲ့ရသည်။

ပျူစောထီးအဖွဲ့ဝင်များအဖြစ် လုပ်ဆောင်နေခြင်းကြောင့် ထိုသူနှစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒလန်ရှင်းလင်းရေးအဖွဲ့ဟု အမည်ခံထားသည့် ခင်ဦးမြို့နယ်အခြေစိုက် တောကြီးမြွေဟောက်အဖွဲ့က စက်တင်ဘာ ၁၂ ရက်တွင် လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ခဲ့သည်။
၎င်းတို့အဖွဲ့အနေဖြင့် ခင်ဦးမြို့နယ်အတွင်း ဒလန်နှင့် ပျူစောထီးအဖွဲ့ဝင်ဟု ယူဆရသူ ၂၀ ဦးခန့်ကို သတ်ဖြတ်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက ခင်ဦးမြို့နယ်အတွင်းရှိ လောင်းရှည်နှင့် ရွာတန်းကျေးရွာများတွင် ဒလန်ဟု နာမည်ထွက်နေသူ လေးဦး ဓားဖြင့် ခုတ်ခံရပြီးနောက် ဩဂုတ်လဆန်းပိုင်းတွင် လောင်းရှည်ကျေးရွာအုပ်စု ဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူး ဦးမင်းအောင် နုတ်ထွက်စာတင်ခဲ့သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p