သတင်း

မင်းအောင်လှိုင်ပိုင်ဆေးရုံ၌ ကိုဗစ်ကာကွယ်ဆေးထိုးရမည်ကို​ သင်္ဘောသားများကန့်ကွက် 

နိုင်ငံခြားသင်္ဘောလိုက်သူများကို အာဏာသိမ်းစစ်ခေါင်းဆောင် ပိုင်ဆိုင်သည့် မိုးကောင်းရတနာဆေးရုံတွင် ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် လူမှုကူညီရေးအသင်းတစ်ခုက စီစဉ်ပေးခဲ့သည်ကို သင်္ဘောသားအများစု ကန့်ကွက်ထားသည်။ 

နိုင်ငံတကာဆိပ်ကမ်းများနှင့် ထိတွေ့လုပ်ကိုင်နေရသည့်အတွက် သင်္ဘောသားများကို ကိုဗစ်ကာကွယ်ဆေးပေးထိုးရန် လိုအပ်ချက်ရှိရာ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းထံမှ ကိုဗစ်ကာကွယ်ဆေးဝယ်ယူကာ မီးပြတိုက်လူမှုကူညီရေးအသင်းက စီစဉ်ပေးခဲ့သည်ဟု သိရသည်။

ရန်ကင်းမြို့နယ်ရှိ မင်းအောင်လှိုင်ပိုင် မိုးကောင်းရတနာဆေးရုံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမည်ကို ဆေးစထိုးမည့် စက်တင်ဘာ ၁ ရက်နေ့မတိုင်မီ နှစ်ရက်အလိုမှ သိရှိခဲ့ရကြောင်း ဆေးထိုးရန် စာရင်းပေးထားသည့် သင်္ဘောသားတစ်ဦးက Myanmar Now ကို ပြောသည်။

“ထိုးရမဲ့နေရာက မိုးကောင်းရတနာဆေးရုံမို့ စာရင်းပေးပြီးသား သင်္ဘောသားတွေပြန်ပြီး Cancel (ဖျက်သိမ်း) ကြတာပါ။ ထိုးတဲ့လူတွေလည်း သွားထိုးကြပါတယ်” ဟု ၎င်းက ပြောသည်။

သို့သော် ထိုဆေးထိုးအစီအစဉ်ကို ကန့်ကွက်သည့် သင်္ဘောသားအရေအတွက် ၇၀ ရာခိုင်နှုန်းရှိကြောင်း အထက်ပါသင်္ဘောသားက ဆိုပြီး သင်္ဘောသားများစုဖွဲ့ထားသည့် Facebook ဂရုတစ်ခုတွင် စစ်တမ်းကောက်ယူထားချက်အရ မိုးကောင်းရတနာဆေးရုံတွင် ဆေးထိုးရန် ငြင်းပယ်သူ ၁၀၀၀ ကျော်၊ ကာကွယ်ဆေးကို အယုံအကြည်မရှိသူ  ၃၀၀ ကျော်နှင့် မိသားစုနှင့် အလုပ်ရှင်၏ ဖိအားကြောင့် ဆေးထိုးမည့်သူ ၃၆ ဦးရှိသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်ပိုင်ဆိုင်သည့် မိုးကောင်းရတနာဆေးရုံမဟုတ်ဘဲ အခြားနေရာတွင် ပြောင်းလဲစီစဉ်ပေးရန် သင်္ဘောသားများက အလိုရှိနေကြသော်လည်း မီးပြတိုက်လူမှုကူညီရေးအသင်းက ဆောင်ရွက်ပေးခြင်း မရှိဟုလည်း အထက်ပါသင်္ဘောသားက ဆိုသည်။ 

“မီးပြတိုက်တစ်ခုတည်း ကာကွယ်ဆေးထိုးဖို့ စီစဉ်ပေးတာပါ။ မီးပြတိုက်ကလည်း လက်ရှိအထိ မိုးကောင်းရတနာမှာ ထိုးဖို့ပဲ စီစဉ်ထားပေးတာပါ။ တခြားစီစဉ်ပေးတဲ့အဖွဲ့ကတော့ အခုထိ မရှိသေးပါဘူး။ ရွေးစရာမရှိလို့ Cancel ပြန်လုပ်ကြတာပါ” ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံထုတ် SINOPHARM ကိုဗစ်ကာကွယ်ဆေးကို ၅၅,၀၀၀ ကျပ်ဖြင့် နှစ်ကြိမ်ထိုးနှံရမည်ဖြစ်ကာ ဆေးထိုးမည့် သင်္ဘောသားများ စာရင်းပေးသွင်းနိုင်ကြောင်း အဆိုပါလူမှုကူညီရေးအသင်းက ဩဂုတ် ၁၈ တွင် စတင်ကြေညာခဲ့သည်။ 

မိုးကောင်းရတနာဆေးရုံတွင် ဆေးလာထိုးပါက စစ်တပ်ပိုင် မြဝတီနှင့် စစ်ကောင်စီထိန်းချုပ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက သတင်းဖော်ပြမည်ကို စိုးရိမ်ကြောင်း ကိုရဲအမည်ရ အခြားသင်္ဘောသားတစ်ဦးထံမှ သိရသည်။

“အစကတည်းက သင်္ဘောသားတွေက တရုတ်ဆေးတောင် ထိုးချင်ကြတာ မဟုတ်ဘူး။ ဒါပေမယ့် ထိုးစရာမရှိတော့လေ။ မြဝတီကလာပြီးတော့ ဓာတ်ပုံရိုက်မယ် ဝါဒဖြန့်မယ်ဆိုရင် အကုန်လုံး အဆဲခံရမှာပဲလေ” ဟု ၎င်းသင်္ဘောသားက ပြောသည်။

မိုးကောင်းရတနာဆေးရုံတွင် ကာကွယ်ဆေးထိုးချိန်တွင် MRTV-4 နှင့် MWD အပါအဝင် မည်သည့် မီဒီယာမျှ လာရောက်သတင်းယူရန် အစီအစဉ်မရှိကြောင်း မီးပြတိုက်အဖွဲ့က ကတိပေးခဲ့သော်လည်း စက်တင်ဘာလ ၂ ရက်ထုတ် မြဝတီ၊ ကြေးမုံ၊ မြန်မာ့အလင်း သတင်းစာများအပြင် မြန်မာ့အသံ၌ သတင်းဖော်ပြခဲ့သည်ဟု သိရသည်။

တရုတ်ကုန်သည်ကြီးများအသင်းနှင့် မီးပြတိုက်လူမှုကူညီရေးအသင်းတို့ ပူးပေါင်းပြီး သင်္ဘောသား ၅၀၀၀ အတွက် ကိုဗစ်ကာကွယ်ဆေးများဝယ်ယူခဲ့ကြောင်း၊ တစ်ရက်လျှင် လူဦးရေ ၂၅၀၀ စီခွဲ၍ သတ်မှတ်နေရာတစ်ခုတွင် ဆေးထိုးပေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Related Articles

Back to top button