သတင်း

ရန်ကုန်တွင် ပစ်ခတ်၊ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်

စစ်အာဏာသိမ်းခဲ့သည်မှာ ၇ လကျော်ကြာမြင့်ခဲ့ပြီး ဖြစ်သော်လည်း မြန်မာပြည်၏ စီးပွားရေးမြို့တော် ရန်ကုန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေစိုက်ရာ ရဲစခန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ပစ်ခတ်ပေါက်ကွဲမှုများ နေ့စဉ် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ပြည်သူများကို နေ့စဉ် ပစ်ခတ်ဖမ်းဆီးနေသည်။

ယနေ့( စက်တင်ဘာ ၄)  နံနက်ပိုင်းက ရန်ကုန်မြို့အနောက်ပိုင်း အင်းစိန်မြို့နယ် မြို့သစ်ရပ်ကွက်တွင် နေထိုင်သည့် သတင်းပေး၊ ဒလန်ဟု ရပ်ကွက်က ယူဆထားသူ အမျိုးသားတစ်ဦး ဦးခေါင်းကို သေနတ်ဖြင့် ၄ ချက် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့သည်ဟု ဒေသခံများက Myanmar Now ကို အတည်ပြုသည်။ 

သတင်းပေး၊ ဒလန်ဟု စွပ်စွဲခံထားရသူ အသက် ၄၀ အရွယ် အာနိုးမှာ မြို့သစ်ရပ်ကွက် (က+ခ) ရပ်ကွက်ရုံးတည်ရှိရာ ခ-၇ လမ်းတွင် နေထိုင်ပြီး ယခင် စစ်အစိုးရခေတ်တလျှောက်လုံး ရပ်ကွက်ရုံးစာရေး လုပ်ကိုင်ခဲ့သူဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်သည်ဟု မြို့သစ်ရပ်ကွက်တွင် နေထိုင်သူ လူငယ်တစ်ဦးက ပြောသည်။

ယနေ့ (စက်တင်ဘာ ၄) မွန်းလွဲပိုင်းက သူနေထိုင်ရာ ခ-၇ လမ်းနေအိမ်မှ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ဘုရင့်နောင်လမ်းမနှင့် ခ- ၄ လမ်းထိပ်တွင် မည်သူမည်ဝါမှန်း မသိရသည့် သေနတ်သမားတစ်ဦးက အနီးကပ် ၄ ချက် ပစ်ခတ်သွားကြောင်း၊ သေနတ်သမားကို မည်သူကမှ ဟန့်တားခြင်းမရှိကြောင်း ထိုလူငယ်က ဆက်ပြောသည်။ 

“ရှင်းရှင်းပြောရရင် သာမန်ပြည်သူတစ်ယောက်ကတော့ ခုလိုမျိုးဖြစ်စဉ်မျိုးမှာ ဝင်မဖမ်းဘူး၊ သေချာတယ်။ သူ့မှာ လုံခြုံရေးယူထားတဲ့ လူရှိရင်တော့ ဖမ်းရင်ဖမ်းမှာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။ 

ပစ်ခတ်မှုဖြစ်ပွားချိန်တွင် အနီးအနားတွင် မြို့သစ်ရပ်ကွက် နေပြည်သူများရှိနေသော်လည်း ဝင်ရောက်အကူအညီပေးခြင်းမရှိဘဲ အချိန်တော်တော်ကြာမှသာ ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက် ယူဆောင်သွားကြသည်ဟု ၎င်းက ပြောသည်။ 

ထိုပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အင်းစိန် ပေါက်တောဝနှင့် ဘုရင့်နောင်လမ်းမ အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ရန် အသင့်အနေအထားဖြင့် လှည့်လည်နေကြကြောင်း အင်းစိန်မြို့နယ်တွင် နေထိုင်သူများက ပြောသည်။

အင်းစိန်မြို့သစ်တွင် နေထိုင်သည့် ဒလန်ဟု စွပ်စွဲခံရသူ အာနိုးကို ၎င်းတို့အဖွဲ့က သုတ်သင်ရှင်းလင်းလိုက်ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသည့် မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့က ယနေ့ (စက်တင်ဘာ ၄) မွန်းလွဲပိုင်းတွင် Myanmar Now ကို အတည်ပြုသည်။ 

ပြောက်ကျားလှုပ်ရှားမှုများဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဒလန်၊ သတင်းပေးများကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအတွက် အဆင်သင့်ပြင်ဆင်ထားကြရန်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို အကူအညီပေးကြရန် မြို့ပြပြောက်ကျားအဖွဲ့ဝင်များက ဩဂုတ် ၂၅ တွင် ရန်ကုန်လူထုကို တိုက်တွန်းထားသည်။

အင်းစိန်၊ မြို့သစ်ရပ်ကွက် ပစ်ခတ်မှုမတိုင်ခင် ယမန်နေ့ (စက်တင်ဘာ ၃ ) ည ၁၁ နာရီဝန်းကျင်ခန့်က ရန်ကုန်မြို့ အရှေ့ပိုင်းရှိ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်ဟု ဒေသခံများက Myanmar Now ကို အတည်ပြုသည်။ 

တစ်ချိန်တည်းမှာပင် မြောက်ဒဂုံမြို့နယ် ၄၆ ရပ်ကွက် ရဲစခန်းနှင့် ၄၂ ရပ်ကွက်ရှိ ဗိုလ်မင်းရောင်အိမ်ရာတို့တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။ 

“ဗိုလ်မင်းရောင်အိမ်ရာမှာက ည ၁၁ နာရီလောက်မှာ ပေါက်တာ၊ တော်တော်နီးလို့ အကျယ်ကြီးကြားလိုက်ရတယ်” ဟု မြောက်ဒဂုံ ၄၀ ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၇ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ဗိုလ်မင်းရောင်အိမ်ရာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ည ၁၂ နာရီ ဝန်းကျင်ခန့်တွင် မြောက်ဒဂုံ ၄၆ ရပ်ကွက်ရှိ မြောက်ဒဂုံမြို့နယ်ရဲစခန်းတွင်လည်း ထပ်မံ ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

မြောက်ဒဂုံရဲစခန်းပေါက်ကွဲမှုတွင် လုံခြုံရေးတာဝန်ယူထားသည့် ရဲတစ်ဦး သေဆုံးခဲ့သည်ဟု သတင်းဌာနတချို့က ရေးသားထားပြီး ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး Myanmar Now က ထိုရဲစခန်းကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ယမန်နေ့က ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာ ၄ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြောက်ဒဂုံနှင့် ရန်ကုန်ကို ဆက်သွယ်ထားသည့် ငမိုးရိပ်မြစ်ကူးတံတားဝန်းကျင်အပါအဝင် မြောက်ဒဂုံမြို့နယ် နေရာအနှံ့ ပစ်ခတ်ရန် အသင့်အနေအထားဖြင့် လှည့်ပတ်သွားလာနေသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။

“စစ်ခွေးတွေ (စစ်ကောင်စီတပ်သားတွေ) ဒီနေ့တော့ ပိုများနေတယ်။ ဖမ်းတာဆီးတာ မရှိပေမဲ့ လမ်းဆုံတွေမှာဆိုရင် သုံး၊လေးယောက်လောက် နေရာယူထားကြတယ်။ ဘေလီတံတားအဆင်းမှာတော့ စစ်ကား ၂ စီးရှိတယ်” ဟု မြောက်ဒဂုံတွင် နေထိုင်သည့် အသက် ၃၆ အရွယ် အမျိုးသားက ပြောသည်။

မြောက်ဒဂုံနှင့် အင်းစိန်တွင် ပစ်ခတ်ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် မွန်းလွဲ ၂ နာရီကျော်တွင် ရန်ကုန်၏ လူစည်ကားရာ စမ်းချောင်းမြို့နယ် မင်္ဂလာလမ်းရှိ အထပ်မြင့်တိုက် ၂ လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စီးနင်းရှာဖွေခဲ့သည်ဟု ထိုလမ်းတွင် နေထိုင်သူများက ပြောသည်။ 

ပစ်ခတ်ရန် အသင့်အနေအထားဖြစ်နေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကား ၄ စီး၊ အရပ်သုံးကား ၁ စီးဖြင့် ရောက်လာရာတွင် ဦးခေါင်းတွင် ဒဏ်ရာရထားသည့် လူငယ်တစ်ဦးကိုပါ ခေါ်ဆောင်လာပြီး တိုက်အမှတ် ၅ တွင် ဝင်ရောက်ရှာဖွေကြကြောင်း၊ ထို့နောက် တိုက်အမှတ် ၁၉ သို့ ဆက်လက်ထွက်ခွာသွားပြီး တံခါးများ ဖျက်ဆီးဝင်ရောက်သွားကြောင်း မင်္ဂလာလမ်းတွင် နေထိုင်သူ ဒေသခံ ၃ ဦးက Myanmar Now ကို ပြောသည်။ 

တိုက် ၁၉ မှ လူငယ် ၄ ဦးကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အသက် ၂၀ နှင့် ၂၅ ကြား ထိုလူငယ်တို့ ဒဏ်ရာရရှိထားသည်ကို မြင်တွေ့ရကြောင်း ဒေသခံများက ပြောသည်။ 

“ဒဏ်ရာရထားတဲ့ တစ်ယောက်က ထော့နဲ့၊ ထော့နဲ့ ဖြစ်နေတယ်။ မျက်နှာရော၊ ပါးစပ်ရော Mask နဲ့ အုပ်ထားတယ်။ ကျန်တဲ့ ၃ ယောက်ကတော့ Mask တပ်ထားတယ်။ ကားအနက်ပေါ်ကို ဒဏ်ရာရထားတဲ့သူနဲ့ နောက်တစ်ယောက်ကို တင်သွားပြီး ကျန်တဲ့ ၂ ယောက်ကို စစ်ကားနဲ့ တင်သွားတယ်”ဟု မျက်မြင်တွေ့ရသည့် အမျိုးသမီးက Myanmar Now ကို ပြောသည်။ 

ပစ်ခတ်၊ပေါက်ကွဲမှုများ ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးကို Myanmar Now က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကိုင်ခြင်း မရှိပေ။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button