အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ဧရိယာအတွင်း ဩဂုတ် ၃၀ ရက်က အာဏာသိမ်းစစ်ကောင်စီတပ်၏ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုသည်။
နေပြည်တော် ပျဉ်းမနားမြို့နယ်တွင် အထူးဒေသ လက်နက်ကိုင်တပ်ဖွဲ့နှင့် ပူးတွဲစစ်ရေးလှုပ်ရှားမှု ပြုလုပ်နေစဉ် စစ်ကောင်စီယာဉ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) က စက်တင်ဘာ ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ NUG ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန် ဦးနိုင်ထူးအောင်က “ဒီထဲမှာ ဖော်ပြထားတဲ့ဖြစ်စဉ်က တကယ်ဖြစ်ခဲ့တဲ့ ပုံစံအတိုင်းပါပဲခင်ဗျ” ဟု Myanmar Now ကို ယနေ့ (စက်တင်ဘာ ၃) အတည်ပြုပြောကြားသည်။
ပျဉ်းမနားမြို့နယ် ပြည်ထောင်ကိုးအုပ်စု ကျေးရွာအုပ်စုအတွင်း ဩဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီယာဉ်တစ်စီးနှင့် ထိတွေ့မှုဖြစ်ပွားပြီးနောက် ည ၇ နာရီတွင် အလုံးအရင်းနှင့် ချီတက်လာသော စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နေပြည်တော်ဧရိယာအတွင်း ထိုသို့တိုက်ခိုက်ခံရခြင်း မရှိကြောင်း စစ်ကောင်စီ၏ ဒုတိယပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့တွင် People Media မှတဆင့် ငြင်းဆိုထားသည်။
“နေပြည်တော်နဲ့ အနီးတစ်ဝိုက်မှာ ထိတွေ့မှုဖြစ်စဉ်၊ တိုက်ပွဲဖြစ်စဉ်တွေ ဖြစ်ပွားမှုမရှိပါဘူး။ ဗုံးကွဲမှုဖြစ်စဉ်လည်း မရှိပါဘူး။ မိုင်းကွဲမှုဖြစ်စဉ်လည်း မရှိပါဘူး။ အွန်လိုင်းပေါ်ကနေတင်ပြီးတော့ ကျန်တဲ့ နယ်မြေတွေကလည်း ဟာ…နေပြည်တော်မှာတောင် ဖြစ်နေပြီဆိုတဲ့ ပုံစံမျိုးဖြစ်အောင် ဖန်တီးတာပါ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က ထိုသို့ငြင်းဆိုထားသော်လည်း နေပြည်တော်ဧရိယာအတွင်း ပေါင်းလောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကယားပြည်နယ်နှင့် ဆက်စပ်နေသော တောင်ပေါ်ဒေသတွင် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံခဲ့ရသည်မှာ မှန်ကန်ကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည့် ပျဉ်းမနားမြို့နယ် ဒေသခံ သုံးဦးက အတည်ပြုသည်။
“ပျဉ်းမနားရဲ့ အရှေ့တောင်ဘက်ပေါ့။ ဆင်ဖြူတောင်ရဲ့ တောင်ဘက်လောက်မှာဖြစ်တာ။ အခုဖြစ်စဉ်ဖြစ်တဲ့ လွန်းထိုးကြီးလွန်းထိုးလေးက (လွန်းထိုးတက်ရသည်အထိ မတ်စောက်သောကြောင့် ဒေသခံများပေးထားသည့် လမ်းနာမည်) ကတ္တရာလမ်းပဲ။ လမ်းကကျဉ်းတယ်။ ပျဉ်းမနားမြို့နယ်ရဲ့ တောင်ပေါ် ကျေးရွာအုပ်စု ၇ ထဲက ပြည်ထောင်ကိုးတို့ ဘို့မတို့သွားတဲ့လမ်း။ လူသွားလူလာနည်းတယ်။ လူပြတ်တယ်” ဟု ပျဉ်းမနားမြို့ခံတစ်ဦးက ပြောသည်။
ထို့ပြင် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံသည့် ပေါင်းလောင်းမြစ်အရှေ့ဘက်ခြမ်း ကျေးရွာအုပ်စုတစ်ခုတွင် နေထိုင်သူ ဒေသခံတစ်ဦးက ဖြစ်စဉ်ကို အတည်ပြုထားသည်။
“ဖြစ်စဉ်က မှန်တယ်။ ထောက်ပို့ယာဉ်အထက်ကိုသွားတာ မိုင်းဆွဲခံရတာ။ ပြီးတော့ ညနေပိုင်းမှာ အကူတက်လာတဲ့ယာဉ်တန်းနဲ့ ထပ်ဖြစ်ကြတယ်။ အောင်ဘိတ်သိတ်ရွာနဲ့ လက်ဘက်တောင်ရွာကြားမှာ ဖြစ်တာ။ အသံတွေကြားရတယ်။ လက်ဘက်တောင်ရွာက တချို့ဆို သူတို့ကို တိုင်လာပတ်မှာစိုးလို့ အဲ့ညက မအိပ်ရကြဘူး” ဟု အဆိုပါဒေသခံက ပြောသည်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော်ဧရိယာအတွင်း တိုက်ခိုက်ခံရသည်ကို ငြင်းဆိုထားသည့်အပြင် အခြားနယ်မြေများ၌လည်း ဗုံးခွဲတိုက်ခိုက်မှု၊ ချောင်းမြောင်းပစ်ခတ်မှု နည်းပါးလာသည်ဟု ဆိုထားသည်။
သို့သော် အမြို့မြို့အနယ်နယ်တွင် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေသော ဗုံးခွဲတိုက်ခိုက်ခံရမှုများ၊ အခြား ပြည်နယ်နှင့် တိုင်းဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများအတွင်း ၎င်းတို့ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေများနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စွန်းတစ်စမျှ သတင်းထုတ်ပြန်ခြင်း မရှိပေ။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe