သတင်း

ဗိုလ်မှူးမုတ်သုန်၏ နယ်ခြားစောင့်တပ်ကို KNU ဝေဖန်

စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တပ်များထဲတွင် ဗိုလ်မှူးမုတ်သုန် ဦးဆောင်သည့်တပ်ဖွဲ့က ကရင်ပြည်နယ် ဒေသခံတို့ နစ်နာရန် လုပ်ဆောင်နေသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဒူးပလာယာခရိုင် (ရေးမြို့နယ်) အတွင်းရေးမှူး ပဒိုစောလစ္စတန်က  ပြောသည်။

“အခြားအဖွဲ့တွေဆိုရင် သူ (စောမုတ်သုန်) လုပ်သလို မလုပ်ဘဲနဲ့ ကိုယ့်ရဲ့ ဒေသခံလူထုရဲ့ ထိခိုက်နစ်နာမှုမရှိအောင် ရှောင်လွှဲပြီးတော့ လုပ်တဲ့အပိုင်းလေးတွေရှိတယ်။ သူကျတော့ လူထုထိခိုက်စေတဲ့ အနေအထားမျိုးထိတောင်မှ ပါဝင်လုပ်ဆောင်တယ်ဆိုတာ ကြားရတာပဲ”ဟု ပဒိုစောလစ္စတန်က ဆိုသည်။ 

ဗိုလ်မှူးမုတ်သုန် ဦးဆောင်သည့် BGF တပ်ဖွဲ့ဝင်များက စစ်တပ်ခိုင်းသည့်အတိုင်း တသွေမတိမ်းလုပ်နေသည်ကို အောက်ခြေလူထုက သတင်းပို့လာခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ 

BGF တပ်ကို တပ်ရင်း ၁၃ ရင်း၊ တပ်နယ် ၄ နယ်ဖြင့် ဖွဲ့စည်းထားရာ ဗိုလ်မှူးမုတ်သုန်သည် တပ်နယ် (၄) တပ်နယ်မှူး ဖြစ်သည်။

KNU တပ်မဟာ (၆) နယ်မြေတွင် စစ်တပ်က BGF နှင့်အတူ စစ်ရေးလှုပ်ရှားလာ၍ ဩဂုတ် နောက်ဆုံးပတ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

လက်ရှိတွင် ဒေသတွင်း စစ်ရေးအခြေအနေများကြောင့် အရပ်သားများ စစ်ဘေးတိမ်းရှောင်နေကြရသည်။

စက်တင်ဘာ ၁ မနက်၌ ကော့ကရိတ်မြို့နယ်၊ ပိုင်ကလာဒုံရွာအနီး တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်မှ ၃ ဦး ဒဏ်ရာ ရကြောင်း၊ အသက် ၃၀ အရွယ်ရှိ ဒေသခံ အမျိုးသမီးတစ်ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီး စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်ကာ ဓားစာခံအဖြစ် အသုံးပြုခဲ့ကြောင်း KNU တပ်မဟာ (၆) နယ်မြေသတင်းများ ထုတ်ပြန်လေ့ရှိသည့် KLO FM တွင် သတင်းဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားမှုသည် စစ်တပ်၏ လှုပ်ရှားမှုနှင့် သက်ဆိုင်သည်ဟု ပဒိုစောလစ္စတန်က ဆိုသည်။

“စစ်ရေးအရလှုပ်ရှားရင်တော့ သူတို့ လှုပ်ရှားလာတာနဲ့အမျှ လှုပ်ရှားတဲ့အတိုင်း ကိုယ့်ရဲ့ အောက်ခြေ ရဲဘော်ကတော့ တုံ့ပြန်မှုတွေ ဖြစ်သွားမယ်ဆိုတဲ့အပေါ်မှာ တိုက်ပွဲကတော့ ဖြစ်နိုင်တယ်လို့ပဲ ပြောလို့ ရမှာပါ” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲများကြောင့် ဒေသခံ ၄၀၀ ကျော်သည် ကော့ကရိတ်- ကျိုက်ဒုံလမ်းမကြီး၏ အရှေ့ဘက်တောင် ခြမ်းဒေသများသို့ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း ၎င်းက ဆက်ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားရာအနီး ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကြိတ်စခန်းကို စစ်ကောင်စီတပ်က ဩဂုတ် ၂၆ တွင် စွန့်ခွာသွားရာ KNU က ဝင်ရောက်ကာ စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်။  

စစ်ကောင်စီတပ်က စခန်းပြန်ယူရန် ကြိုးပမ်းလာ၍ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။

အဆိုပါ ကြိတ်ရွာစခန်းမြေနေရာကို ၁၉၉၇ ခုနှစ်တွင် ဒေသခံပြည်သူလူထုထံမှ စစ်တပ်က အတင်းအဓမ္မ သိမ်းယူခဲ့ခြင်းသာဖြစ်ကြောင်း ဒေသခံများဘက်က ပြောဆိုသည်။ 

စစ်ကောင်စီ နှင့် BGF ပူးပေါင်းတပ်မများသည် KNU တပ်မဟာ(၆) ထိန်းချုပ်ရာနယ်မြေတွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆောင်ရွက်နေသော လူငယ်များကို ဝင်ရောက် ရှင်းလင်းရန်ဆိုသော အကြောင်းပြချက်ဖြင့် စစ်အင်အားဖြည့်တင်းရာ ဩဂုတ် ၂၃ နှင့် ၂၄ တွင် စတင်တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ရေးအခြေအနေ တင်းမာခဲ့သည်။

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ KNU/KNLA PC ငြိမ်းချမ်းရေးကောင်စီ၊ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့သည် ပြီးခဲ့သည့် အနှစ် ၂၀ ကျော်အတွင်း KNU မှ ခွဲထွက်သွားသော အဖွဲ့များ ဖြစ်သည်။ 

BGF တွင် ခေါင်းဆောင်များမှာ ကရင်တိုင်းရင်းသားများဖြစ်သော်လည်း စစ်ကောင်စီတပ်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသည်။

ကရင်လက်နက်ကိုင်များအချင်းအချင်း တိုက်ခိုက်မှုမဖြစ်စေရေးအတွက် ဇွန် ၁၅ နှင့် ၁၆ တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကရင်လက်နက်ကိုင် ၄ ဖွဲ့ KNU ဌာနချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း BGF က စစ်တပ်ဘက်မှ ဆက်လက်တိုက်ခိုက်ပေးနေခြင်း ဖြစ်သည်။ 

လတ်တလော အခြေအနေများနှင့် ပတ်သက်ပြီး BGF တပ်ဖွဲ့ဘက်သို့ ဆက်သွယ်မေးမြန်း၍ မရနိုင်သေးပေ။

သြဂုတ်၂၈ ကလည်း ကော့ကရိတ်မြို့နယ် (ကျိုက်ဒုံမြို့နယ်) ကော်သနော့ကျေးရွာအနီး လက်နက်ကိုင်နှစ်ဦး သေဆုံးခဲ့မှုအပေါ် စစ်တပ်နှင့် BGF တို့ အချင်းချင်းမှားယွင်းပစ်ခတ်မှုသာဖြစ်သည်ဟု KNU က သတင်းထုတ်ပြန်ခဲ့သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button