
ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် နေထိုင်သော အနယ်နယ်အရပ်ရပ်မှ မြန်မာပြည်သားများသည် နယ်စပ်ဖြတ်ပြီး တရုတ်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည်။ မြန်မာစားသောက်ကုန်ပစ္စည်း သွားရောက် ရောင်းချခြင်း၊ ကျောက်မျက်အချောထည်ထုတ်လုပ်ရေးကဲ့သို့ လုပ်ငန်းများတွင် လုပ်ကိုင်ခြင်း စသဖြင့် အသက်မွေးဝမ်းကျောင်းလျက်ရှိသည်။
နိုဝင်ဘာလလယ်ပိုင်းက မူဆယ်တစ်ဖက်ကမ်း တရုတ်ပြည် နယ်စပ်မြို့တို့တွင် တွေ့ရသော ပန်းထိမ်လုပ်ငန်း၊ အင်ကြင်းကျောက် အချောထည်လုပ်ငန်းတို့ကို သွားရောက်လေ့လာစဉ် မြန်မာပြည်သား အများအပြား လုပ်ငန်းခွင်ဝင်နေသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် အရွယ်အစား၊ အရည်အသွေးစုံ အင်ကြင်းကျောက်ကို အချောထည်ပြုလုပ်သည့် နေရာတွင် အမျိုးသမီးများ ကျွမ်းကျွမ်းကျင်ကျင် ပါဝင်လုပ်ကိုင်နေကြောင်း တွေ့ရသည်။
ယခုအခါ တရုတ်လူမျိုးများသာမက နိုင်ငံတကာမှ လာရောက်လည်ပတ်ကြသည့် ခရီးသွားများလည်း အင်ကြင်းကျောက်ကို ပိုမို စိတ်ဝင်စားလာကြသောကြောင့် အလှဆင်ရောင်းချမှု ပိုမိုများပြားလာကြောင်း သိရသည်။

မြန်မာပြည်အနှံ့အပြားတွင် အင်ကြင်း ထွက်ရှိသော်လည်း ကျောက်အကြောင်း နားလည်သူ၊ စိတ်ဝင်စားသူ၊ နှစ်သက်သူ အနည်းငယ်သာ ရှိသဖြင့် ပြည်ပစျေးကွက်သို့သာ တင်ပို့နေကြခြင်း ဖြစ်သည်။
အင်ကြင်းကျောက်ကို ရုံးနှင့် အိမ်တွင်းအလှဆင်ပစ္စည်း၊ လက်ဝတ်ရတနာ၊ အဆောင်ပစ္စည်းများအဖြစ် အသုံးပြုကြသည်။

ဒီဇင်ဘာ ၅ ရက်နေ့ 7DAY သတင်းတစ်ပုဒ် http://www.7daydaily.com/story/114782 တွင် ပေ ၁ဝဝ ခန့် ရှိသည့်အင်ကြင်းကျောက်ကို မကွေးမြို့နယ် ပေပင် စမ်းကျေးရွာတွင် တူးဖော်တွေ့ရှိထားရာ မည်သို့ ဆက်လက် လုပ်ဆောင်မည်ကို အာဏာပိုင်တို့ ဆွေးနွေးဆုံးဖြတ်မည်ဟု ဖော်ပြထားသည်။