
အာဏာသိမ်းချိန် ၇ လနီးပါးရှိလာချိန်အထိ နေ့စဉ်မပြတ် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် မန္တလေးမြို့တွင် ယမန်နေ့ (ဩဂုတ်၂၈) ညနေပိုင်းက ဆန္ဒပြလှုပ်ရှားမှုတစ်ခုကို စစ်တပ်နှင့် ရဲက ပစ်ခတ်ဖြိုခွင်းခဲ့ရာ လေးဦးဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးလည်း ဖမ်းဆီးခံခဲ့ရသည်။
ယမန်နေ့ညနေပိုင်းက မန္တလေးမြို့အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်ရေး အဖွဲ့များပူးပေါင်း၍ ၇၂လမ်း၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြား၌ ဆန္ဒဖော်ထုတ်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီးကားများဖြင့် ရောက်ရှိလာကာ ပစ်ခတ် ဖြိုခွင်းခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ လူထုလှုပ်ရှားမှုကို ဦးဆောင်သူတစ်ဦးက ပြောသည်။
“ကျွန်တော်ကြွေးကြော်သံ စတိုင်စဉ်မှာပဲ မျက်နှာချင်းဆိုင်ရောက်လာပြီး ပစ်တာ၊ ဖမ်းမိတဲ့ကောင်မလေးက ဆိုင်ကယ်လဲသွားချိန် မိသွားတာ၊ ပစ်ခံရတာတော့ ရာဘာကျည်နဲ့ ကျောတွေရော၊ ခြေထောက်တွေရော နေရာတော်တော်များတယ်” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံရသူမှာ အသက်(၂၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ကာ ကျည်ထိမှန်ခဲ့သည့် အခြားအမျိုးသားသုံးဦးမှာ မစိုးရိမ်ရသော်လည်း ထွက်ပြေးစဉ် ဆိုင်ကယ်မှောက်သည့် အခြားအမျိုးသားတစ်ဦးမှာ ခြေထောက်ကျိုးသွားသည်ဟု ထိုသူက ဆက်ပြောသည်။
ပစ်ခတ်ဖြိုခွင်းခံရမှုကြောင့် လူငယ်များထွက်ပြေးစဉ် ကျန်ရစ်ခဲ့သော ဆိုင်ကယ်ခြောက်စီးကို စစ်တပ်နှင့် ရဲတို့က ယူဆောင်သွားကြောင်း အထက်ပါ ပုဂ္ဂိုလ်က အတည်ပြုသည်။
ဒဏ်ရာရသူ လေးဦးကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပြီးကြောင်း၊ လက်ရှိတွင် ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း ဆန္ဒပြမှုတွင် ပါဝင်သည့် နောက်ထပ် သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီး များမကြာမီ ရက်ပိုင်းမှစ၍ နေ့စဉ် လူထုလှုပ်ရှားမှုများဖြင့် ဆန့်ကျင်နေသည့် မန္တလေးတွင် သံဃာများကိုပင်မချန် စစ်ကောင်စီက ကားဖြင့်တိုက်၊ သေနတ်ဖြင့်ပစ်၊ ရိုက်နှက်ဖြိုခွင်းနေပြီး ၎င်းတို့လက်ချက်ကြောင့် သေဆုံးခဲ့ရသူတို့၏ ရုပ်အလောင်းကို မိသားစုထံ ပြန်မပေးသည့် ဖြစ်စဉ်များလည်းရှိနေသည်။
စစ်ကောင်စီက ထိုသို့ ကြမ်းရမ်းစွာ ကိုင်တွယ်နေသော်လည်း သံဃသမဂ္ဂ၊ မြတောင်၊ မဟာအောင်မြေ၊ အရမ်းညီတဲ့ ချမ်းစည်၊ စိန်ပန်း၊ မန္တလေးလူငယ် အစရှိသည့် သပိတ်စစ်ကြောင်း ၁၀ ခုကျော်က မန္တလေးမြို့ပေါ်တွင် နေ့စဉ်ဆန္ဒပြနေကြဆဲဖြစ်သည်။
“ဘယ်လောက်ပစ်သတ်ပစ်သတ်၊ နှိပ်ကွပ်နှိပ်ကွပ်၊ ကျွန်တော်တို့ ကြောက်ရွံ့နောက်ဆုတ်သွားမှာမဟုတ်ဘူး၊ ကျွန်တော်တို့ အဆုံးထိတော်လှန်သွားမှာ”ဟု ယမန်နေ့က ဖြိုခွင်းခံရသည့် ဆန္ဒပြပွဲ၌ ပါဝင်သူတစ်ဦးက ပြောသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe