သတင်း

ကလေးစစ်သားဟောင်းအမှု ရုပ်သိမ်းရန် မိသားစု တောင်းဆို

ရန်ကုန် – တပ်မတော်က တရားစွဲထားသည့် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး၏ အမှု ရုပ်သိမ်းပေးရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တောင်းဆိုထားကြောင်း သူ၏မိသားစုက အောက်တိုဘာ ၂ ရက်နေ့တွင် ပြောသည်။

တပ်မတော်အနေဖြင့် စာနယ်ဇင်းများနှင့် လူပုဂ္ဂိုလ်များကို တရားစွဲဆိုခဲ့သည့် အမှုများကို ရုပ်သိမ်းခဲ့သော်လည်း ကိုအောင်ကိုထွေး၏ အမှုကို မရုပ်သိမ်းသေးခြင်းက ခွဲခြားဆက်ဆံမှုတစ်ခုဟု ထင်မိကြောင်း သူ၏ အစ်မဖြစ်သူ မနေဇာထွန်းက ရန်ကုန်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် တရားရုံးကြားနာမှုတစ်ခုအပြီးတွင် ပြောသည်။

“ကျွန်မမောင်လေးက ကလေးစစ်သားဘဝနဲ့ ထောင်ကျပြီး မိသားစုနဲ့ ပြန်ဆုံစည်းခွင့်ရတာဆိုလို့ တစ်လကျော်လေးပဲ ရှိသေးတယ်။ အခု ထောင်ထဲမှာ နေနေရပြီး ပြန်တရားစွဲခံနေရတယ်ဆိုတော့ မိသားစုချင်းပဲ ကိုယ်ချင်းစာကြည့်ပါ” ဟု သူက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ထံသို့လည်း အလားတူ တင်ပြခဲ့ကြောင်း သိရသည်။

ကိုအောင်ကိုထွေး ပြန်လည်လွတ်မြောက်ရေးအတွက် မိသားစုဝင်များနှင့် ဝန်းရံသူတချို့က တရားရုံးအနီးတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဓာတ်ပုံ – ထက်ခေါင်လင်း / Myanmar Now

အာမခံလျှောက်ထားချက်

အင်းစိန်ထောင်တွင် ထိန်းသိမ်းခံနေရသော ကိုအောင်ကိုထွေး  ပြင်ပမှ အမှုရင်ဆိုင်နိုင်ရေးအတွက် အာမခံလျှောက်ထားသော်လည်း မြို့နယ်တရားသူကြီး အပြောင်းအရွှေ့ကြောင့် အာမခံပေးမပေး အမိန့်ချနိုင်ခြင်း မရှိသေးပေ။

အောက်တိုဘာ ၂ ရက်နေ့ တရားခွင်တွင် တွဲဖက်တရားသူကြီးတစ်ဦးက အမှု ထပ်မံစစ်ဆေးမည့်နေ့ကို သတ်မှတ်ပေးခဲ့သည်။

အမှုကို တရားသူကြီးသစ် ကိုင်တွယ်သည့်အခါ အာမခံပေးရန် မျှော်လင့်သည်ဟု ကလေးစစ်သားဟောင်း၏ ရှေ့နေ ဦးဇော်မင်းလှိုင်က ပြောသည်။

“အာမခံလျှောက်ထားမှုကို ပြန်တင်ရမလား၊ ကျွန်တော်တို့တင်ပြီးသားကိုပဲ သုံးသပ်မလားဆိုတာတော့ နောက်လာမယ့်တရားသူကြီးရဲ့ စဉ်းစားမှုပေါ်မူတည်မယ်။ အခုတရားစွဲထားတဲ့ အမှုက အာမခံပေးလို့မရဘူးဆိုပေမယ့် ထောင်ဒဏ် ၁ဝ နှစ်အထိ ချမှတ်ဖို့မလိုတဲ့ အမှုဖြစ်တဲ့အတွက် တရားရုံးရဲ့ သုံးသပ်မှုအရ ပေးမယ်ဆိုလည်း ပေးလို့ရတယ်” ဟု ရှေ့နေက ဆိုသည်။

ဓာတ်ပုံ – ထက်ခေါင်လင်း / Myanmar Now

စစ်သားအဖြစ် စုဆောင်းခံရ

ကိုအောင်ကိုထွေးသည် ၂ဝဝ၈ ခုနှစ်၊ အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသားဘဝတွင် အိမ်နီးချင်းတစ်ဦးနှင့်အတူ ပျဉ်းမနားသို့ အဖော်လိုက်သွားပြီး အပြန် ရန်ကုန်ဘူတာကြီးတွင် စစ်သားစုဆောင်းရေးတပ်မှ တပ်ကြပ်ကြီးတစ်ဦးက ခေါ်ဆောင်သွားရာမှ မိသားစုနှင့် အဆက်အသွယ်ပြတ်သွားသည်။

မင်္ဂလာဒုံစစ်သားစုဆောင်းရေးတပ်မှ ဗိုလ်ကြီးတစ်ဦးက အသက် မပြည့်သေးသည့် ကိုအောင်ကိုထွေးကို အိမ်ပြန်ပို့ရန် အမိန့်ပေးသော်လည်း အဆိုပါ တပ်ကြပ်ကြီးက ၎င်းကို မင်္ဂလာဒုံရှိ စစ်ပစ္စည်း အရောင်းဆိုင် တစ်ဆိုင်တွင် ငွေတစ်သိန်းဖြင့် ရောင်းခဲ့သည်ဟု ဆိုသည်။ ထို့နောက် ၎င်းသည် မန္တလေးမြို့၊ စစ်သား စုဆောင်းရေးတပ်တွင် ၂ လ၊   မုံရွာမြို့ စစ်သင်တန်း ကျောင်းတွင် ၄ လခွဲ ကြာပြီးနောက်  ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့ရှိ တပ်စခန်းတစ်ခုသို့ ရောက်သွားသည်ဟု ဆိုသည်။

တာဝန်ထမ်းဆောင်ရာတပ်ရင်းက အထက်တန်းကျောင်းတွင် သွားရောက်ပညာသင်ယူခွင့်ပေးသော်လည်း လက်တွေ့တွင်မူ စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်အားပေးအဖြစ် လုပ်ကိုင်ခဲ့ ရသည်ဟု သိရကြောင်း အစ်မဖြစ်သူ မနေဇာထွန်းက ပြောသည်။

ထိုသို့ လုပ်အားပေးရသဖြင့် သူနှင့်အတူ တပ်မတော်သား ၃ ဦးတို့  ထွက်ပြေးကြကြောင်း၊ ထွက်ပြေးသူတစ်ဦးက ဆိုင်ကယ်လုယက်မှုတွင် ဆိုင်ကယ်ပိုင်ရှင်သေဆုံးသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ၁၇ နှစ် အရွယ်တွင်ပင် သေဒဏ်ချမှတ်ခြင်းခံခဲ့ရကြောင်း သူက ဆက်ပြောပြသည်။

ထိုအချိန်ရောက်မှ ပြန်လည်အဆက်အသွယ်ရရှိခဲ့သည့် မိသားစုက သက်ဆိုင်ရာအဆင့်ဆင့်ကို ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရသည့်အကြောင်း တင်ပြရာ သေဒဏ်မှ ထောင်တစ်သက်တစ်ကျွန်းသို့ ပြောင်းပေးခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် ထောင်ဒဏ် ၁ဝ နှစ်သို့ လျှော့ချပေးခဲ့သည်ဟု ဆိုသည်။

အသက် ၂၆ နှစ်အရွယ်တွင် ထောင်မှ ပြန်လွတ်လာပြီး ရန်ကုန်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် အစ်မဖြစ်သူနှင့်နေထိုင်စဉ် ၎င်း၏ဘဝဖြစ်စဉ်ကို RFA သတင်းဌာနက သြဂုတ် ၁ဝ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည်။

တပ်မတော် အချုပ်ခန်းတွင် ၇ လကြာ ချုပ်နှောင်စစ်ဆေးခံရစဉ်  နှိပ်စက်မှုဒဏ်ကို မခံနိုင်သည့်အတွက် ပြစ်မှုကျူးလွန်သည်ဟု လက်မှတ်ထိုးပေးလိုက်ရကြောင်း ကလေးစစ်သားဟောင်း က သတင်းဌာနကို ပြောသည်။

အင်တာဗျူး ထုတ်လွှင့်ပြီး ၈ ရက်အကြာတွင် ကိုအောင်ကိုထွေး အဖမ်းခံလိုက်ရသည်။

စစ်သားအဖြစ် စုဆောင်းခံရသည်ဟု သိရသည့်အချိန်မှစ၍ မွေးသက္ကရာဇ်အမှန်တင်ပြခဲ့ကြောင်း၊ တပ်မတော်၏ ၂ဝ၁၂ ခုနှစ်၊ မေလ အကြောင်းပြန်ကြားချက်တွင် အသက်ပြည့်ပြီးသူ ဖြစ်သည်ဟု ဖော်ပြထားကြောင်း မနေဇာထွန်းက ပြောသည်။

ဓာတ်ပုံ – ထက်ခေါင်လင်း / Myanmar Now

“ကျွန်မမောင်လေးရဲ့ ကျောင်းက ၁၉၉၁ ခုနှစ်မှာ မွေးခဲ့တာကိုလည်း ထောက်ခံပေးတယ်။ သန်းခေါင်စာရင်းမှာ အဲ့ဒီမွေးနေ့ မှန်ကန်ကြောင်းကိုလည်း ထောက်ခံချက်ပေးထားတာတွေနဲ့ တင်ပြတယ်။ ဒါပေမယ့် ကျွန်မတို့ကို ကာကွယ်ရေးဝန်ကြီးဌာနက အကြောင်းပြန်တဲ့စာမှာ သူဟာ ၁၉၈၈ ခုနှစ်မှာ မွေးတဲ့သူဖြစ်လို့ အသက်ပြည့်တယ်ဆိုပြီး အကြောင်းပြန်ထားတယ်” ဟု သူက ဆိုသည်။   

“သူတို့က လုပ်လို့ရတဲ့လူကို လုပ်တာ။ ကျွန်မတို့လို သာမန်ပြည်သူတွေကို ဖိနှိပ်လိုက်ရင် ကြောက်သွားအောင်၊ နောက်နောင် ကလေးစစ်သားတွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ကြုံခဲ့ရသူတွေ အနေနဲ့ သူတို့အကြောင်းကို မပြောကြတော့အောင်၊ မဖော်ရဲတော့အောင် လုပ်တာလို့ မြင်တယ်” ဟု သူက ဆိုသည်။

“The Voice သတင်းစာတုန်းက စာရေးသူရော၊ သတင်းစာက တာဝန်ရှိသူရော တရားစွဲတယ်။ အခုက ဖော်ပြတဲ့သတင်းဌာနကို ဘာတစ်ခုမှ ကန့်ကွက်ကြောင်း၊ ဘာညာ တစ်ခုမှမပြောဘဲ ကျွန်မတို့လို့ သာမန်ပြည်သူတွေကို တရားစွဲတာက လုံးဝမလုပ်သင့်ဘူး။ ငါတို့လုပ်ချင်တာ လုပ်မယ်ဆိုတာမျိုးနဲ့ လုပ်တာ”

Show More

Related Articles

Back to top button