မန္တလေးတိုင်း၊ တောင်သာမြို့နယ် ဘုရားလှကျေးရွာတွင် ယမန်နေ့ (ဩဂုတ်၂၃) နံနက်ပိုင်းက ရွာသားလေးဦးကို PDF (ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ဟု စွပ်စွဲကာ စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ ဒေသခံနှစ်ဦးက ပြောသည်။
ထိုသို့ဖမ်းဆီးရာတွင် သားဖြစ်သူကို မမိ၍ ဓားစာခံအဖြစ်ခေါ်သွားသည့် အသက် ၆၇ နှစ်အရွယ် ဦးတင်ထွန်းမှာ ကျန်းမာရေးမကောင်းကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ဓားစားခံလုပ်ခံရတဲ့ ဦးတင်ထွန်းက ပါးစပ်ကင်ဆာဖြစ်နေတာ။ သူက ရောဂါလည်းရှိနေတော့ ဒူးထောက်ပြီးမသွားနိုင်ဘူး။ အဲဒီမှာ (သေနတ်)ဒင်တွေနဲ့ ဝိုင်းရိုက်ကြတာ သွေးတွေကိုဖြာလို့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အဆိုပါအမျိုးသားက ပြောသည်။
စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သတင်းပေးများ၊ ရဲနှင့် စစ်သားများအပြင် စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် ပျူစောထီးအဖွဲ့ဝင် အင်အား ၅၀ ခန့်က ဦးတင်ထွန်းနှင့်အတူ အသက် ၃၀ ကျော် ဝန်းကျင်ဖြစ်ကြသည့် ကျေးရွာပရဟိတအသင်း၏ ယာဉ်မောင်း ကိုမောင်ခိုင်၊ ကိုဖြိုးသူနှင့် ကိုမျိုးကျော်တို့ကို ဖမ်းသွားခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
“အားလုံးက စွပ်စွဲခံရတာ၊ ရွာသားတွေချည်းပဲ။ သူတို့ကို မျက်နှာဖုံးစွပ်လိုက်တယ်။ ပြီးတော့ ဒူးထောက် တွားသွားပြီး ကားပေါ်တက်ခိုင်းတယ်” ဟု ထိုအမျိုးသားက ပြောသည်။
ဖမ်းဆီးခံရသူများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ကို ထောက်ခံကြသူများဖြစ်ပြီး ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ကျေးရွာဆန္ဒပြပွဲများကို ဦးဆောင်သူများဖြစ်သဖြင့် PDF ဟု သမုတ်၍ စစ်ကောင်စီကို တိုင်တန်းသူများရှိနိုင်ကြောင်း နောက်ထပ်ဒေသခံတစ်ဦးက သုံးသပ်သည်။
အိမ်ခြေ ၇၀၀ နီးပါးရှိပြီး ဘုရားလှရွာရွာသူရွာသား အများစုမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများဖြစ်ကာ ဆန့်ကျင်သည့်မမှန်သတင်းပေးတို့၏ အန္တရာယ်ကြောင့် လုံခြုံမှုမရှိသလိုဖြစ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
“နောက်ထပ် ၁၇ ယောက်ဖမ်းဖို့ ကျန်သေးတယ်ဆိုပြီး ကြိမ်းသွားတယ်။ အုပ်ချုပ်ရေးမှူးနဲ့ ရွာပျူစောထီးတွေကို လက်နက်ငါးလက်ပေးခဲ့တယ်လို့ ကြားတယ်။ ရွာက NLD ပါတီထောက်ခံသူတွေအားလုံး ကြောက်နေကြရတယ်” ဟု ၎င်းက ဆိုသည်။
ဖမ်းဆီးသွားပြီး ၂၄ နာရီ ကျော်ချိန်အထိ ဖမ်းဆီးခံရသူများအကြောင်း စုံစမ်း၍ မရသေးသဖြင့် မိသားစုဝင်များက စိတ်ပူနေသည်ဟု အထက်ပါ ဒေသခံနှစ်ဦးက ပြောသည်။
မိသားစုဝင်များ၊ စစ်ကောင်စီတာဝန်ရှိသူများနှင့် အဆက်အသွယ်မရသေးသဖြင့် ဓားစာခံအဖြစ် ဖမ်းခံရသည်ဆိုသော ဦးတင်ထွန်းနှင့် ပတ်သက်သည့် အသေးစိတ်ကိစ္စများ၊ ဖမ်းဆီးခံရသူတို့၏ အခြေအနေများကို မသိရသေးပေ။
စစ်ကောင်စီတပ်က ဖမ်းဆီးမှုများ တရကြမ်းလုပ်ဆောင်နေသည့် တောင်သာမြို့နယ်တွင် ဖမ်းဆီးခံရပြီး ၂၄ နာရီမပြည့်မီ စစ်ကြောရေးတွင် သေဆုံးခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ဖူးသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pen



