သတင်း

ခံဝန်ဖြင့် အကျဉ်းထောင်မှ လွတ်မြောက်ထားသူ အမျိုးသမီးနှစ်ဦး ပြန်အဖမ်းခံရ 

မွန်ပြည်နယ်၊ သထုံမြို့တွင် မကြာသေးမီက အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ အမျိုးသမီးနှစ်ဦးကို ဩဂုတ် ၂၂ တွင် စစ်တပ်က ထပ်မံဖမ်းဆီးခဲ့ပြီးနောက် အဆက်အသွယ်ပြတ်တောက်နေကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ အသက် ၂၈ နှစ်အရွယ် မခေမာလွင်နှင့် အသက် ၃၀ အရွယ် မစုမြတ်နွယ်တို့ဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ပါဝင်မှုဖြင့် မတ်လအတွင်းက ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်။ ၎င်းတို့နှစ်ဦးမှာ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲခံရပြီး မတ် ၂၆ တွင် ခံဝန်ဖြင့် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသူများဖြစ်သည်။

မခေမာလွင်နှင့် မစုမြတ်နွယ်တို့ကို ဩဂုတ် ၂၂ ရက် နံနက် ၉ နာရီခန့်က သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ စာတိုက်လမ်းရှိ ၎င်းတို့ငှားရမ်းနေထိုင်သည့် နေအိမ်၌ စစ်တပ်က အင်အား ၅၀ ခန့်ဖြင့် လာရောက်ဖမ်းဆီးသွားသည်ဟု မခေမာလွင်၏ မိသားစုဝင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

“အိမ်မှာလည်း ရှုပ်ပွနေတယ်။ တံခါးတွေဘာတွေဖျက်ပြီး ဝင်ဖမ်းထားတယ် ပြောတယ်။ အင်အား ၅၀ ခန့်နဲ့ နေပြည်တော်လေတပ်က ဆင်းဖမ်းသွားတယ် ပြောတယ်” ဟု မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်ကို ကိုးကား၍ ၎င်းက ဆိုသည်။

မတ်လကုန်ပိုင်းတွင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ၎င်းတို့နှစ်ဦးသည် ရန်ကုန်မှ သထုံမြို့သို့ ပြောင်းရွှေ့နေထိုင်ကြခြင်းဖြစ်သည်။ 

လက်ရှိတွင် ၎င်းတို့နှစ်ဦးကို ဖမ်းဆီးသည့်အကြောင်းရင်းနှင့် မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရှိသေးသဖြင့် မိသားစုဝင်များမှာ စိုးရိမ်လျက်ရှိကြောင်း အထက်ပါမိသားစုဝင် အမျိုးသမီးက ပြောသည်။ 

“မိသားစုဝင်တွေက ဘယ်လိုမှလည်း အဆက်အသွယ်မရဘူး။ စိတ်ပူနေတယ်။ စစ်ကြောရေးမှာ ခြေလွန်လက်လွန်ဖြစ်သွားမှာ ကြောက်တယ်” ဟု ၎င်းက ဆိုသည်။

မခေမာလွင်သည် နေအိမ်နှင့်ကပ်လျက် ယေးယေးအလှပြင်ဆိုင်တွင် အလုပ်လုပ်နေသည်မှာ သုံးလခန့်သာ ရှိသေးပြီး သူငယ်ချင်းဖြစ်သူ မစုမြတ်နွယ်မှာလည်း မခေမာလွင်နေအိမ်၌ လာရောက်နေထိုင်သည်မှာ ရက်ပိုင်းမျှသာရှိသေးကြောင်း သိရသည်။

အဖမ်းခံရသည့်နေ့က ည ၁၂ နာရီအထိ မခေမာလွင်၏ဖုန်းမှာ စက်ဖွင့်ထားကြောင်း၊ မစုမြတ်နွယ်၏ Facebook Account မှာလည်း ယနေ့ (ဩဂုတ် ၂၄) မနက်အထိ  မီးစိမ်းနေပြီး သူငယ်ချင်းများ စာပို့သည်ကိုလည်း ဝင်ဖတ်ထားသည့်ပုံစံမျိုးတွေ့ရကြောင်း အထက်ပါမိသားစုဝင်က ပြောသည်။ 

လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate here > https://www.userroll.com/site/register/m1f6pen

Show More

Related Articles

Back to top button