သတင်း

စစ်ယာဉ်တန်း ဂန့်ဂေါတွင် မိုင်းခွဲခံရ၊ စစ်သား ၃၀ ကျော် သေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှ တက်လာသည့် စစ်တပ်ယာဉ်တန်းကို ယမန်နေ့ (သြဂုတ် ၂၃) ညနေပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများရှိကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့ – (Yaw Defense Force – YDF) က ပြောသည်။

စစ်သား ၃၀ ထက်မနည်း သေဆုံးကာ ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“ကား ၈ စီးမှာ ပထမတစ်စီးက လဲသွားတယ်၊ အကုန်ပျက်စီးသွားတယ်။ ဒုတိယတစ်စီးက လွတ်သွားတယ်။ တတိယတစ်စီးရယ်၊ စတုတ္ထတစ်စီးရယ် (မိုင်း) မိတယ်။ မိုင်း ၃ လုံးစလုံး မိတယ်”ဟု အဆိုပါအဖွဲ့တာဝန်ရှိသူက Myanmar Now ကို ပြောသည်။

ကားများ မိုင်းထိပြီး လဲသွားချိန်တွင် အင်အား ၁၆ ဦး ပါဝင်သည့် YDF အဖွဲ့က လက်လုပ်လောင်ချာဖြင့် ပစ်ခတ်ခဲ့သည့်အတွက် စစ်တပ်ဘက်မှ အသေအဆုံးများရခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“လွတ်တဲ့ (စစ်ကား)တစ်စီးက RPG နဲ့ ၁၅ ချက်လောက်ထုတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်တယ်။ ကျွန်တော်တို့ကလည်း အောင်မြင်သွားပြီဆိုတော့ ပြန်ဆုတ်လာတယ်။ တိုက်ပွဲက ၁၀ မိနစ်လောက်ပဲ ကြာတယ်။ (စစ်တပ်က) ဘေးနားတွေကိုတော့ ရမ်းသန်းပစ်ခတ်နေတာပဲ။ (စစ်တပ်က)အလောင်းတွေ ကောက်တယ်။ ဒဏ်ရာရတဲ့သူတွေ ကောက်တယ်” ဟု အဆိုပါ YDF တာဝန်ရှိသူက ဆိုသည်။

စစ်တပ်ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း အနီးအနားရှိ နှမ်းခင်းပျက်စီးမှုအနည်းငယ်ရှိသည်မှအပ YDF ဘက်မှ အထိအခိုက်မရှိကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။ 

ကလေး – ဂန့်ဂေါလမ်းမှဖြတ်သန်းသည့် စစ်တပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုသည် ဩဂုတ်လအတွင်း ၃ ကြိမ်မြောက်ဖြစ်ပြီး YDF ၏ လက်ချက်ဖြစ်သည်ဟု သိရသည်။

သြဂုတ် ၁၀ ၌ ဂန့်ဂေါ- ကလေးလမ်းပိုင်းတွင် စစ်ကား ၃ စီး မိုင်းဆွဲခံရပြီး တစ်စီး မိုင်းထိကာ၂ ဦးသေဆုံးကာ၊ ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

သြဂုတ် ၁၈ ကလည်း ဂန့်ဂေါမြို့မှ ကလေးမြို့သို့ ဦးတည်လာသည့် စစ်ကားအစီး ၄၀ ကျော် ပါဝင်သည့် စစ်တပ်ယာဉ်တန်း ဂန့်ဂေါမြို့နယ်၊ ဖိုးမော်ကြီးကွေ့အနီး YDF က မိုင်းခွဲခဲ့ရာ စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့သည်ဟု YDF ဘက်မှ သိရသည်။ 

အဆိုပါ စစ်တပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ယနေ့ (သြဂုတ် ၂၄) အထိ စစ်ကောင်စီဘက်က တစ်စုံတစ်ရာသတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

ယောဒေသအတွင်း စစ်တပ်နှင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် ည ၈ နာရီမှ မနက် ၄ နာရီခွဲအတွင်း အရပ်သား မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် YDF က သြဂုတ် ၁၃ ကတည်းက စာထုတ်ထားသည်။

စစ်ကောင်စီ၏ဖိနှိပ်မှုကို တုံ့ပြန်ရန် ရည်ရွယ်ပြီး ဂန့်ဂေါခရိုင်၊ ယော ဒေသအတွင်းရှိ မြို့၊ရွာများမှ ဒေသခံတို့ စုပေါင်းပြီး မေလတွင် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) အဖြစ် စတင်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။ ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ စစ်ကိုင်းတိုင်း တမူး၊ ကလေး၊ ယင်းမာပင်၊ ကနီ၊ မင်းကင်း၊ ပုလဲ၊ ဒီပဲယင်း၊ မကွေးတိုင်း ပေါက်မြို့၊ မြိုင်မြို့တို့မှ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် မဟာမိတ်ဖွဲ့ကာ ပူးပေါင်းဆောင်ရွက်နေသည်။ 

YDF က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်ဟု ဆိုကာ ဂန့်ဂေါ၊ ကျောက်ထု၊ ကျော၊ ဆော၊ ထီးလင်းစသည့် မြို့နယ်တို့မှ အဖွဲ့များနှင့် ပူးပေါင်းပြီး ယောဒေသတော်လှန်ရေးကော်မတီကိုလည်း မကြာသေးခင်က ထပ်မံဖွဲ့စည်းခဲ့သည်။

လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။

Donate

Show More

Related Articles

Back to top button