
ရန်ကုန် – တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထားရသော ရန်ကုန်မှ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး ပြင်ပမှ အမှုရင်ဆိုင်နိုင်ခွင့် ရမည်ဟု မျှော်လင့်ကြောင်း မိသားစုဝင်များနှင့် ရှေ့နေဖြစ်သူက စက်တင်ဘာ ၁၈ တွင် ပြောသည်။
ရုပ်သံအင်တာဗျူးတစ်ခုနှင့် ပတ်သက်ပြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားရုံးတွင် စွဲဆိုထားသော ပုဒ်မ ၅ဝ၅ (ခ) သည် အာမခံမပေးနိုင်သော အမှုဖြစ်သော်လည်း အများဆုံးထောင်ဒဏ် ၂ နှစ် အထိသာ ချမှတ်နိုင်သော အမှုဖြစ်ကြောင်း၊ ရာဇဝတ်ဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၇(၁) စွပ်စွဲထားသောပြစ်မှုသည် သေဒဏ် သို့မဟုတ် တစ်သက်တစ်ကျွန်းဒဏ်ခံထိုက်သော ပြစ်မှုမဟုတ်ပါက တရားရုံး၏ ဆင်ခြင်တုံးတရားအရ အာမခံပေးနိုင်ကြောင်း ပြဋ္ဌာန်းထားကြောင်း ရှေ့နေဖြစ်သူ ဦးဇော်မင်းလှိုင်က ပြောသည်။
စွပ်စွဲခံရကို အပြစ်ရှိသည်ဟု သက်သေထင်ရှားစွာမပြနိုင်သေးလျှင် အပြစ်ကင်းသည်ဟု ဥပဒေအရ မှတ်ယူနိုင်ကြောင်း၊ ထွက်ပြေးခြင်း၊ ရားလိုပြသက်သေများကို ခြိမ်းခြောက်နိုင်ခြင်း ပြုလုပ်မည်မဟုတ်သည့်အတွက် အာမခံပေးသင့်ကြောင်း ရှေ့နေက လျှောက်လဲချက်တွင် ထည့်သွင်း ပြောကြားခဲ့သည်။
စွပ်စွဲခံရသူ ကိုအောင်ကိုထွေးကလည်း ရုပ်သံအင်တာဗျူးတွင် မည်သူ့ကိုမျှ နာမည်တပ်ပြီး ဝေဖန်ခဲ့ခြင်းမရှိဟု သတင်းထောက်များကို စက်တင်ဘာ ၁၈ ရက်နေ့က ပြောသည်။
“ကျွန်တော့်အင်တာဗျူးထဲမှာ တပ်မတော်က ဘယ်သူ၊ ဘယ်ဝါဆိုတဲ့နာမည်လည်း တစ်လုံးမှမပါဘူး။ အစိုးရနဲ့ ပတ်သက်လို့လည်း ဘယ်နာမည်မှမပါဘူး။ ကျွန်တော်တွေ့ကြုံခဲ့ရတာကိုပဲ ပြောခဲ့တာ။ အဲ့ဒါကို ကျွန်တော့်ကို မတရားဖမ်းဆီးပြီး တရားစွဲခဲ့တာ” ဟု အချုပ်ကားထဲမှ ထွက်လာသော ကိုအောင်ကိုထွေးက တရားရုံးထဲသို့ ဝင်လာစဉ် သတင်းသမားများကို ပြောကြားခဲ့သည်။
အစ်မဖြစ်သူ မနေဇာထွန်းကလည်း စစ်မှုထမ်းရန် ကလေးဘဝမှာပင် မတရားသိမ်းသွင်းခံရသည့် သူ၏မောင်ဖြစ်သူသည် အမှုတစ်ခုနှင့် ပတ်သက်ပြီး ဆယ်နှစ်ကြာ အကျဉ်းကျခဲ့ပြီး ပြန်လွတ်ရာမှ လပိုင်းအတွင်းမှာပင် ထပ်မံ ထိန်းသိမ်းခံရခြင်း ဖြစ်ကြောင်း ပြောသည်။
စစ်သားအဖြစ် သိမ်းသွင်းခံရ
ကိုအောင်ကိုထွေးသည် ၂ဝဝ၈ ခုနှစ်၊ အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသားဘဝတွင် အိမ်နီးချင်းတစ်ဦးနှင့် အတူ ပျဉ်းမနားသို့ အဖော်လိုက်သွားပြီး အပြန် ရန်ကုန်ဘူတာကြီးတွင် စစ်သားစုဆောင်းရေးတပ်မှ တပ်ကြပ်ကြီးတစ်ဦးက ခေါ်ဆောင်သွားရာမှ မိသားစုနှင့် အဆက်အသွယ်ပြတ်သွားသည်။
မင်္ဂလာဒုံစစ်သားစုဆောင်းရေးတပ်မှ ဗိုလ်ကြီးတစ်ဦးက အသက် မပြည့်သေးသည့် ကိုအောင်ကိုထွေးကို အိမ်ပြန်ပို့ရန် အမိန့်ပေးသော်လည်း အဆိုပါ တပ်ကြပ်ကြီးက ၎င်းကို မင်္ဂလာဒုံရှိ စစ်ပစ္စည်း အရောင်းဆိုင် တစ်ဆိုင်တွင် ငွေတစ်သိန်းဖြင့် ရောင်းခဲ့သည်ဟု ဆိုသည်။ ထို့နောက် ၎င်းသည် မန္တလေးမြို့၊ စစ်သား စုဆောင်းရေးတပ်တွင် ၂ လ၊ မုံရွာမြို့ စစ်သင်တန်းကျောင်းတွင် ၄ လခွဲ ကြာပြီးနောက် ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့ရှိ တပ်စခန်းတစ်ခုသို့ ရောက်သွားသည်ဟု ဆိုသည်။
တာဝန်ထမ်းဆောင်ရာတပ်ရင်းက အထက်တန်းကျောင်းတွင် သွားရောက်ပညာသင်ယူခွင့်ပေးသော်လည်း လက်တွေ့တွင်မူ စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်အားပေးအဖြစ် လုပ်ကိုင်ခဲ့ရသည်ဟု သိရကြောင်း အစ်မဖြစ်သူ မနေဇာထွန်းက ပြောသည်။
ထိုသို့ လုပ်အားပေးရသဖြင့် သူနှင့်အတူ တပ်မတော်သား ၃ ဦးတို့ ထွက်ပြေးကြကြောင်း၊ ထွက်ပြေးသူတစ်ဦးက ဆိုင်ကယ်လုယက်မှုတွင် ဆိုင်ကယ်ပိုင်ရှင်သေဆုံးသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ၁၇ နှစ် အရွယ်တွင်ပင် သေဒဏ်ချမှတ်ခြင်းခံခဲ့ရကြောင်း သူက ဆက်ပြောပြသည်။
ထိုအချိန်ရောက်မှ ပြန်လည်အဆက်အသွယ်ရရှိခဲ့သည့် မိသားစုက သက်ဆိုင်ရာအဆင့်ဆင့်ကို ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရသည့်အကြောင်း တင်ပြရာ သေဒဏ်မှ ထောင်တစ်သက်တစ်ကျွန်းသို့ ပြောင်းပေးခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် ထောင်ဒဏ် ၁ဝ နှစ်သို့ လျှော့ချပေးခဲ့သည်ဟု ဆိုသည်။
အသက် ၂၆ နှစ်အရွယ်တွင် ထောင်မှ ပြန်လွတ်လာပြီး ရန်ကုန်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် အစ်မဖြစ်သူနှင့်နေထိုင်စဉ် ၎င်း၏ဘဝဖြစ်စဉ်ကို RFA သတင်းဌာနက သြဂုတ် ၁ဝ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည်။
တပ်မတော် အချုပ်ခန်းတွင် ၇ လကြာ ချုပ်နှောင်စစ်ဆေးခံရစဉ် နှိပ်စက်မှုဒဏ်ကို မခံနိုင်သည့်အတွက် ပြစ်မှုကျူးလွန်သည်ဟု လက်မှတ် ထိုးပေးလိုက်ရကြောင်း ကလေးစစ်သားဟောင်းက သတင်းဌာနကို ပြောသည်။
အင်တာဗျူး ထုတ်လွှင့်ပြီး ၈ ရက်အကြာတွင် ကိုအောင်ကိုထွေး အဖမ်းခံလိုက်ရသည်။
ပုဒ်မ ၅ဝ၅ (ခ)
မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့မဟုတ် ထုတ်ပြန် ကြေညာရာတွင် သို့မဟုတ် ဖြန့်ချိရာတွင် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏ သီးခြား လူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့မဟုတ် ထိုသို့ ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် အဆိုပါပုဒ်မဖြင့် တရားစွဲဆိုရန် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅ဝ၅ (ခ) တွင် ပြဋ္ဌာန်းထားသည်။
ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက အမြင့်ဆုံး ချမှတ်နိုင်သည့် ထောင်ဒဏ်မှာ ၂ နှစ် ဖြစ်သည်။