သတင်း

အသက် ၄၀ အရွယ် အမျိုးသမီးကို PDF ဟု စွပ်စွဲကာ ရန်ကုန်တွင်ဖမ်း

ရန်ကုန်၊ လှိုင်မြို့နယ် ဘူတာရုံလမ်းနေ အသက် ၄၀ အရွယ် ဒေါ်ခိုင်လွင်ကို အရပ်ဝတ်လက်နက်ကိုင် ၂၀ ကျော်က ယနေ့ (ဩဂုတ် ၁၉) မွန်းလွဲ ၂ နာရီခန့်တွင် နေအိမ်၌ ဖမ်းဆီးသွားကြောင်း မိသားစုနှင့် နီးစပ်သူက ပြောသည်။

၉ နှစ်အရွယ် သားနှင့် ၁၅ နှစ်အရွယ် သမီးတို့၏ မိခင် ဒေါ်ခိုင်လွင်သည် လှိုင်မြို့နယ်အတွင်း အောက်ဆီဂျင်လိုအပ်သူများကို အောက်ဆီဂျင်စက် အခမဲ့ငှားရမ်းပေးနေသူဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF )အဖွဲ့ဝင်ဟု စွပ်စွဲကာ ဖမ်းသွားခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

ဒေါ်ခိုင်လွင်၏ သမီးဖြစ်သူကလည်း ထိုဖမ်းဆီးမှုအကြောင်း Facebook တွင် ရေးထားသည်။

“ကျွန်မအမေကို အိမ်ပေါ်အထိ တက်ပြီး အရပ်ဝတ်တွေနဲ့ လူအယောက် ၂၀ ကျော်လောက် အော်ဟစ်အမိန့်ပေးပြီး ရှာဖွေစစ်ဆေးသွားပါတယ်။ အိမ်ကဖုန်းတွေ၊ Laptop တွေ အကုန်ယူသွားပါတယ်”ဟု ရေးထားသည်။

ဒေါ်ခိုင်လွင်ကို လာဖမ်းရသည်မှာ လူသတ်မှု၊ အကြမ်းဖက်မှုများကြောင့် ဖြစ်သည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က ပတ်ဝန်းကျင်မှ လူအများကြားအောင် အော်ဟစ်ပြောဆိုသွားကြောင်း မိသားစုနှင့် နီးစပ်သူက ပြောသော်လည်း အသေးစိတ်စုံစမ်း၍ မရသေးပေ။

Facebook တွင် ပြန့်နှံ့နေသည့် ဓာတ်ပုံများအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေါ်ခိုင်လွင်၏ နေအိမ်အတွင်း ရစရာမရှိအောင် မွှေနှောက်ရှာဖွေသွားကြောင်း တွေ့ရသည်။

ဖမ်းဆီးခံရသူ ဒေါ်ခိုင်လွင်။ (ဓာတ်ပုံ – ပေးပို့)

ကိုဗစ်နိုင်တင်းကပ်ရောဂါကို အကြောင်းပြ၍ ဇူလိုင်လမှစ၍ လုံခြုံရေးတင်းကျပ်ထားသည့် ရန်ကုန်တွင် စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သည်ဟု ယူဆရသူများကို ပိုက်စိပ်တိုက်ဖမ်းဆီးနေသည်။

လွန်ခဲ့သည့် ငါးရက် (ဩဂုတ် ၁၅)ရက် ညပိုင်းကပင် သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို ရန်ကုန်မြို့တစ်နေရာတွင် ဧည့်စာရင်းစစ်သည်ဟူသော အကြောင်းပြချက်ဖြင့် ရှာဖွေဖမ်းဆီးခံခဲ့ရကြောင်း မိသားစုနှင့် ရှေ့နေက အတည်ပြုထား‌သည်။ မည်သည့်နေရာတွင် ဖမ်းသွားသည်၊ မည်သည့်နေရာသို့‌ ခေါ်ဆောင်သွားသည်ကို စုံစမ်း၍ မရသေးပေ။

ဒေသအသီးသီးတွင် အဖမ်းအဆီးများပြားနေရာ ဆက်လက်ဖမ်းဆီးခံထားရသူ  ၅၇၃၀ ထက်မနည်း ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စုဆောင်းထုတ်ပြန်သော ဩဂုတ် ၁၈ အထိ စာရင်းအရ သိရသည်။

စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူ အရပ်သား ၁၀၀၆ ဦး အနည်းဆုံးရှိသည်ဟု ထိုစာရင်းတွင် ဖော်ပြထားသည်။

AAPP ၏ စာရင်းကို ချဲ့ကားလွန်းသည်ဟု ပြောလေ့ရှိသည့် စစ်ကောင်စီကမူ ထိုသို့သော ကိစ္စများနှင့် ပတ်သက်၍ အမြဲတစေ နှုတ်ဆိတ်နေတတ်သည်။

Show More

Related Articles

Back to top button