သတင်း

ကလေးစစ်သားဟောင်းအမှုတွင် တရားလိုစစ်အရာရှိကို စစ်ဆေး

ရန်ကုန် – တပ်မတော်က ကလေးစစ်သားဟောင်းကို ပုဒ်မ ၅ဝ၅(ခ) ဖြင့် တရားစွဲဆိုသော အမှု စက်တင်ဘာ ၈ ရက်နေ့က ဆက်လက်စစ်ဆေးရာ “တပ်မတော်၊ နိုင်ငံတော်အစိုးရ” ဟူသော စကားလုံးများနှင့် ပတ်သက်ပြီး တရားခံရှေ့နေက တရားလို စစ်အရာရှိကို မေးခွန်းထုတ်ခဲ့သည်။

ရှေ့နေ ဦးဇော်မင်းလှိုင်က ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်ကို မေးမြန်းရာတွင် တပ်မတော်သည် နိုင်ငံတော်အစိုးရ ဟုတ်မဟုတ် သိပါသလား၊ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော်သည် နိုင်ငံတော်အစိုးရဖြစ်ကြောင်း ရေးသားပြဋ္ဌာန်းထားခြင်းမရှိသည်ကို သိပါသလားဟူသော မေးခွန်းများ ပါဝင်သည်။

နိုင်ငံတော်အစိုးရသည် ဝန်ကြီးဌာနများဖြင့် ဖွဲ့စည်းထား၍ ကာကွယ်ရေးဝန်ကြီးဌာနသည်လည်း တစ်ခု အပါအဝင်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော်သည် နိုင်ငံတော်အစိုးရဖြစ်ကြောင်း ရေးသားပြဋ္ဌာန်းထားခြင်း ရှိမရှိကိုလည်း မသိကြောင်း စစ်သက် ၂၄ နှစ်ရှိပြီဖြစ်သော၊ အမှတ် (၁) တပ်မတော်စစ်သားစုဆောင်းရေးတပ်တွင် တပ်မှူးတာဝန်ယူထားသည်မှာ ၅ နှစ်ကျော်ပြီ ဖြစ်သော တရားလိုက ပြန်လည် ဖြေကြားခဲ့သည်။

ပုဒ်မ ၅ဝ၅(ခ) နှင့် တရားစွဲဆိုလျှင် သမ္မတ သို့မဟုတ် ၎င်းက ယခုကိစ္စအလို့ငှာ အာဏာကုန်လွှဲ အပ်ခံထားရသော ပုဂ္ဂိုလ်၏ ခွင့်ပြုချက်ဖြင့် တရားစွဲဆိုရမည်ကို သိပါသလားဟု မေးမြန်းရာ တရားလိုက သိရှိကြောင်း၊ တပ်မတော်ကိုယ်စားလှယ်တစ်ဦး အနေဖြင့် တရားစွဲဆိုရန် ကျွန်တော့်အား တာဝန်ပေးအပ်ခဲ့ကြောင်း ပြန်လည် ဖြေဆိုသည်။

ထိုခွင့်ပြုချက်စာကို ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် တရားရုံးတွင် သက်သေခံအဖြစ် မတင်သွင်းထားဘဲ တိုင်ကြားချက်အမှုတွဲတွင်သာ တင်ပြထားသည်ကို တွေ့ရသည်။

တရားခွင်အခြေအနေ

ကိုအောင်ကိုထွေး၏ ပြောကြားချက်များသည် တပ်မတော်၏ ဂုဏ်သိက္ခာ၊ အဆင့်အတန်း နိမ့်ပါးစေခြင်း၊ လက်ရှိတာဝန်ထမ်းဆောင်နေသော အရာရှိစစ်သည်များအနေဖြင့် တပ်မတော်အပေါ် လေးစားမှုလျော့ကျစေခြင်း၊ လက်ရှိ တာဝန်ထမ်းဆောင်နေသည့်တာဝန်များကို ပေါ့လျော့စွာ ထမ်းဆောင်လိုသည့် စိတ်ဓာတ် ဖြစ်ပေါ်စေခြင်း၊ တခြားသူများအနေဖြင့် နိုင်ငံတော်အစိုးရကို ထိခိုက်စေခြင်း၊ ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသည့် ပြစ်မှုကျူးလွန်လာစေရန် အကြံဖြင့် အများသူငါအကြည်ညိုပျက်အောင်၊ ဂုဏ်ကိုညှိုးနွမ်းအောင် ပြုမူပြောဆိုခြင်း ဖြစ်သည့်အတွက် အရေးယူပေးရန် တရားရုံးသို့ ဦးတိုက်လျှောက်ထားရခြင်းဖြစ်သည်ဟု တရားလိုက ဆိုသည်။

တရားလိုရှေ့နေက တရားလိုကို မေးမြန်းစဉ် မှတ်စုစာအုပ်ဖွင့်ဖတ်ပြီး ဖြေကြားခြင်းကို တရားခံရှေ့နေက ကန့်ကွက်ခဲ့သည်။

တရားခံရှေ့နေက ကိုအောင်ကိုထွေး စစ်သားစုဆောင်းရေးတပ်သို့ရောက်ချိန်တွင် မိသားစုက သွားရောက်ခေါ်ယူခဲ့သော်လည်း တပ်မတော်က မိသားစုထံ ပြန်လည်အပ်နှံခြင်း မရှိကြောင်း တရားခွင်တွင် ပြောသည်။

ဒုဗိုလ်မှူးကြီးက ၎င်းအနေဖြင့် ထိုဖြစ်ရပ်ကို မသိကြောင်း၊ ပြန်ခေါ်လိုပါက မိဘအုပ်ထိန်းသူက စာဖြင့်တင်ပြသည့်နည်း၊ ကာယကံရှင်ကိုယ်တိုင်က တင်ပြသည့်နည်း၊ UN CTFMR မှတစ်ဆင့်တင်ပြသည့်နည်း၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO) မှတစ်ဆင့် တင်ပြသည့်နည်း စသဖြင့် နည်းလမ်း ၄ ခု ရှိကြောင်း တရားခွင်တွင် ပြောသည်။

မိသားစုက ကာကွယ်ရေးဝန်ကြီးဌာန၊ အရွယ်မရောက်သေးများ စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ၊ ILO တို့ထံ တိုင်ကြားခဲ့ကြောင်း၊ ယခုချိန်အထိ ILO တွင် တိုင်ကြားထားသည့် အမှုတွဲမှာ ပိတ်သိမ်းရခြင်းမရှိသေးကြောင်း ရှေ့နေက တရားခွင်တွင် ပြောသည်။

ဒုဗိုလ်မှူးကြီးက ထိုကော်မတီထံ တင်ပြလျှင် ကော်မတီက ပြန်လည် စိစစ်ပြီး မိဘထံသို့ ပြန်အပ်နှံသည်ဟု ဆိုသည်။ ထို့အပြင် ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အထိ ကုလသမဂ္ဂ United Nations Country Task Force Monitoing and Reportion (UN CTFMR) အဖွဲ့နှင့် အစိုးရတို့ပူးပေါင်းကာ အရွယ်မရောက်သေးသော ကလေးများ စစ်မှုထမ်းခြင်းမှ ကာကွယ်ရန် ၁၄ ကြိမ်ခန့် ဆောင်ရွက်ခဲ့ကြောင်း၊ ၈၇၇ ဦးကို မိဘထံ ပြန်အပ်နှံခဲ့ကြောင်း ၎င်းက တရားခွင်တွင် ဆက်ဆိုသည်။

မြို့နယ် တရားသူကြီးက တရားလိုဖြစ်သူကို ဆက်လက်စစ်မေးရန် စက်တင်ဘာ ၁၈ ရက်နေ့သို့ ချိန်းဆိုလိုက်သည်။ နှစ်ဖက်အပြန်အလှန် စာဖြင့် လျှောက်ထားချက်များအပေါ် မူတည်ပြီး အာမခံ ပေး၊ မပေး အမိန့်ချမှတ်မည်ဟု ပြောသည်။

စစ်သားအဖြစ် စုဆောင်းခံရ

ကိုအောင်ကိုထွေးသည် ၂ဝဝ၈ ခုနှစ်၊ အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသားဘဝတွင် အိမ်နီးချင်းတစ်ဦးနှင့်အတူ ပျဉ်းမနားသို့ အဖော်လိုက်သွားပြီး အပြန် ရန်ကုန်ဘူတာကြီးတွင် စစ်သားစုဆောင်းရေးတပ်မှ တပ်ကြပ်ကြီးတစ်ဦးက ခေါ်ဆောင်သွားရာမှ မိသားစုနှင့် အဆက်အသွယ်ပြတ်သွားသည်။

မင်္ဂလာဒုံစစ်သားစုဆောင်းရေးတပ်မှ ဗိုလ်ကြီးတစ်ဦးက အသက် မပြည့်သေးသည့် ကိုအောင်ကိုထွေးကို အိမ်ပြန်ပို့ရန် အမိန့်ပေးသော်လည်း အဆိုပါ တပ်ကြပ်ကြီးက ၎င်းကို မင်္ဂလာဒုံရှိ စစ်ပစ္စည်း အရောင်းဆိုင် တစ်ဆိုင်တွင် ငွေတစ်သိန်းဖြင့် ရောင်းခဲ့သည်ဟု ဆိုသည်။ ထို့နောက် ၎င်းသည် မန္တလေးမြို့၊ စစ်သား စုဆောင်းရေးတပ်တွင် ၂ လ၊ မုံရွာမြို့ စစ်သင်တန်းကျောင်းတွင် ၄ လခွဲ ကြာပြီးနောက် ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့ရှိ တပ်စခန်းတစ်ခုသို့ ရောက်သွားသည်ဟု ဆိုသည်။

တာဝန်ထမ်းဆောင်ရာတပ်ရင်းက အထက်တန်းကျောင်းတွင် သွားရောက်ပညာသင်ယူခွင့်ပေးသော်လည်း လက်တွေ့တွင်မူ စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်အားပေးအဖြစ် လုပ်ကိုင်ခဲ့ရ သည်ဟု သိရကြောင်း အစ်မဖြစ်သူ မနေဇာထွန်းက ပြောသည်။

ထိုသို့ လုပ်အားပေးရသဖြင့် သူနှင့်အတူ တပ်မတော်သား ၃ ဦးတို့ ထွက်ပြေးကြကြောင်း၊ ထွက်ပြေးသူတစ်ဦးက ဆိုင်ကယ်လုယက်မှုတွင် ဆိုင်ကယ်ပိုင်ရှင်သေဆုံးသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ၁၇ နှစ် အရွယ်တွင်ပင် သေဒဏ်ချမှတ်ခြင်းခံခဲ့ရကြောင်း သူက ဆက်ပြောပြသည်။

ထိုအချိန်ရောက်မှ ပြန်လည်အဆက်အသွယ်ရရှိခဲ့သည့် မိသားစုက သက်ဆိုင်ရာအဆင့်ဆင့်ကို ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရသည့်အကြောင်း တင်ပြရာ သေဒဏ်မှ ထောင်တစ်သက်တစ်ကျွန်းသို့ ပြောင်းပေးခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် ထောင်ဒဏ် ၁ဝ နှစ်သို့ လျှော့ချပေးခဲ့သည်ဟု ဆိုသည်။

အသက် ၂၆ နှစ်အရွယ်တွင် ထောင်မှ ပြန်လွတ်လာပြီး ရန်ကုန်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် အစ်မဖြစ်သူနှင့်နေထိုင်စဉ် ၎င်း၏ဘဝဖြစ်စဉ်ကို RFA သတင်းဌာနက သြဂုတ် ၁ဝ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည်။

တပ်မတော် အချုပ်ခန်းတွင် ၇ လကြာ ချုပ်နှောင်စစ်ဆေးခံရစဉ် နှိပ်စက်မှုဒဏ်ကို မခံနိုင်သည့်အတွက် ပြစ်မှုကျူးလွန်သည်ဟု လက်မှတ် ထိုးပေးလိုက်ရကြောင်း ကလေးစစ်သားဟောင်းက သတင်းဌာနကို ပြောသည်။

အင်တာဗျူး ထုတ်လွှင့်ပြီး ၈ ရက်အကြာတွင် ကိုအောင်ကိုထွေး အဖမ်းခံလိုက်ရသည်။

ပုဒ်မ ၅ဝ၅ (ခ)

မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့မဟုတ် ထုတ်ပြန် ကြေညာရာတွင် သို့မဟုတ် ဖြန့်ချိရာတွင် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိရေးကိုဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏ သီးခြား လူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့မဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် အဆိုပါပုဒ်မဖြင့် တရားစွဲဆိုရန် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅ဝ၅(ခ) တွင် ပြဋ္ဌာန်းထားသည်။

ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက အမြင့်ဆုံး ချမှတ်နိုင်သည့် ထောင်ဒဏ်မှာ ၂ နှစ် ဖြစ်သည်။

Show More

Related Articles

Back to top button