ဆောင်းပါး

အောက်စီဂျင်အတွက် ကိုယ့်အားကိုယ်ကိုးကြရသည့် ရခိုင်ပြည်သူများ

စစ်အာဏာသိမ်းပြီး ၆ လ အတွင်း ပြည်သူအများအပြား လမ်းပေါ်ထွက်ပြီး အန်တုဆန့်ကျင်မှုကို ရခိုင်ပြည်နယ်တွင် မတွေ့ခဲ့ရသလို ရခိုင်ဒေသဝန်ထမ်းတို့ကလည်း CDM ခေါ် အာဏာဖီဆန်သည့်လှုပ်ရှားမှုတွင် ပါဝင်ခြင်း မရှိပေ။ ရက္ခိုင့်တပ်တော် (AA) ကလည်း အပစ်အခတ် လုံးဝရပ်ပေးထားရာ စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် အခြေအနေကောင်းတို့ကိုသာ ကြုံတွေ့ခဲ့ရသည်။ 

တည်ငြိမ်အေးချမ်းနေသည့် ရခိုင်ပြည်နယ်သို့ ကိုဗစ်တတိယလှိုင်း စတင်ဝင်ရောက်ပြီး တစ်လကျော်အကြာ ဇူလိုင်လ (၂၈ ) ရက်နေ့တွင် ကိုဗစ်လူနာတစ်ဦး စစ်တွေဆေးရုံတွင် သေဆုံးသွားခဲ့သည်။ ယင်းမှစ၍ မြို့နယ်အသီးသီး၌ အရေးပေါ်လူနာအတွက် အောက်စီဂျင်မလုံလောက်မှု၊ ကိုဗစ်လူနာသေဆုံးမှုသတင်းများ နေ့စဉ်ရက်ဆက်ဆိုသလို ထွက်ပေါ်လာသည်။

စစ်ကောင်စီက အောက်စီဂျင်အလုံအလောက်ရှိသည်ဟု ပြောဆိုနေသော်လည်း ကိုဗစ်လူနာ သေဆုံးရမှုအများစုမှာ အောက်စီဂျင်မလုံလောက်ခြင်းကြောင့် ဖြစ်သည်ဟု ပြည်သူတို့ သိရှိလာသည်။  

ရခိုင်ဒေသခံတို့သည် ကိုဗစ်တတိယလှိုင်းတွင် ကျန်းမာရေးဌာနကို များစွာအားထားခြင်း မရှိကြတော့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

“ကိုဗစ်တတိယလှိုင်းမှာက ထူးခြားချက်က လူနာတော်တော်များများဟာ အောက်စီဂျင်လိုအပ်ချက် များလာတယ်။ ဒါကို စစ်ကောင်စီဘက်က သေသေချာချာပြင်ဆင်မှုတွေ မတွေ့ရတဲ့အခါကျတော့ ပြည်သူလူထုကလည်း စစ်ကောင်စီကို အားကိုးလို့မရတော့ဘူး၊ ကိုယ့်ပြည်သူအချင်းချင်း ကာကွယ်ရမယ့်အပိုင်းဖြစ်လာပြီဆိုတဲ့ စဉ်းစားချက်ရှိလာတယ်။ ဒါကြောင့်လည်းပဲ ပြည်သူတွေအနေနဲ့ ကိုယ့်အားကိုယ်ကိုး အောက်စီဂျင်စက်ရုံတွေတည်ဆောက်ရေးအတွက် မြန်မြန်ဆန်ဆန် လုပ်လာကြတဲ့သဘော ရှိပါတယ်” ဟု  ဦးဇော်ဇော်ထွန်းက ပြောသည်။

အခြား တိုင်းနှင့်ပြည်နယ် ၁၃ ခုနှင့် ခြားနားစွာ တည်ငြိမ်နေသည့် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအားနည်းပုံ၊ ကိုဗစ်တတိယလှိုင်းလာနိုင်ခြေအတွက် ကြိုတင်ပြင်ဆင်မှုမရှိပုံတို့ကို မျက်ဝါးထင်ထင် တွေ့လာရသည့် ဒေသခံတို့သည် ကပ်ဘေးတွင် ရှင်သန်ကျန်ရစ်နိုင်ရေးအတွက် ကိုယ့်အားကိုယ်ကိုးရတော့မည်ဟု သဘောပေါက်လာသည်။ ဤသို့ဖြင့် ပြည်နယ်အတွင်း မြို့နယ်အသီးသီးတွင် အောက်စီဂျင်ဖြည့်တင်းသည့် စက်ရုံများကို တည်ဆောက်လာကြသည်။

ကိုယ့်အားကိုယ်ကိုး ပြည်သူများ  

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါ ကာကွယ်ကုသရေးအထောက်ကူပြုပစ္စည်းဖြစ်သည့် အောက်စီဂျင်နှင့် နှာခေါင်းစည်း အလုံလောက်ရှိပြီး ပြည်သူများ စိုးရိမ်စရာမလိုကြောင်း ပြည်နယ်ကောင်စီက ဇူလိုင် ၁၄ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ယင်းပြောဆိုမှုပြီးနောက် ရက်ပိုင်းအတွင်း စစ်တွေဆေးရုံရောက် ကိုဗစ်လူနာတို့အတွက် အောက်စီဂျင်မလုံလောက်ကြောင်း လူနာစောင့်များကိုယ်တိုင် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရုပ်သံဖြင့် ထုတ်ဖော်ပြောဆိုလာကြသည်။

ထို့အပြင် အောက်စီဂျင် အလုံအလောက်မရရှိသဖြင့် သေဆုံးသွားရသည့် ကိုဗစ်လူနာရှင် မိသားစုတစ်စုနှင့် သူနာပြုများအကြား အငြင်းပွားမှုဖြစ်ပေါ်ခဲ့ပြန်သည်။

ဇူလိုင် ၂၁ ရက်နေ့ မြောက်ဦးမြို့တွင် မြောက်ဦးဆရာတော်၏ ဦးဆောင်မှုဖြင့် တည်ဆောက်ထားသော အောက်စီဂျင်စက်ရုံက လုပ်ငန်းစတင်လည်ပတ်ထုတ်လုပ်နိုင်ခဲ့သည်။ နောက်တစ်နေ့ ရခိုင်ပြည်နယ်စစ်ကောင်စီ၏ အစည်းအဝေးတွင်  ထိုစက်ရုံမှထွက်ရှိသည့် အောက်စီဂျင်ကို  ကိုဗစ်ကုသရေးပြည်သူ့ဆေးရုံများသို့သာ ဖြန့်ဖြူးရန် ဆုံးဖြတ်ကြောင်း ရခိုင်စစ်ကောင်စီသတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက သူ၏ ပြန်ကြားရေးစာမျက်နှာတွင် ထုတ်ပြန်လာခဲ့သည်။

ပြည်သူ၏ ထည့်ဝင်အလှူငွေသန့်သန့်ဖြင့် တည်ဆောက်မည့် စက်ရုံများတွင် စစ်ကောင်စီထိန်းချုပ်ခွင့်ကို လုံးဝလက်ခံမည်မဟုတ်ကြောင်း ဒေသခံတို့က ပြောဆိုလာကြသည်။

ယင်းနောက် ဇူလိုင်လ ၂၃ ရက်နေ့ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင်များနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ တွေ့ဆုံပွဲတွင် မြို့နယ်အလိုက် တည်ဆောက်ကြမည့် ပုဂ္ဂလိကအောက်စီဂျင်စက်ရုံများကို ထိန်းချုပ်နေခြင်းမဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည်ဟု ကြေညာခဲ့ပြန်သည်။

စစ်တွေဆေးရုံကြီးတွင် တစ်နေ့ အိုးကြီး ၆၀ ထွက်ရှိပြီး တစ်နေ့ကို အသုံး ၁၅၀ ခန့်ရှိနေ၍ ကျန်သည့် အိုး ၉၀ ကို ပြည်နယ်စစ်ကောင်စီက စီမံပေးနေသည်ဟုလည်း ဖော်ပြခဲ့သည်။

ယင်းသို့ ပြောဆိုပြီးနောက် တစ်ပတ်အကြာ ဇူလိုင် ၃၁ တွင်မူ ပြည်နယ်အတွင်း အောက်စီဂျင်အလုံးရေ ၁၅၀ ခန့်သာ ထုတ်လုပ်နိုင်သေးသောကြောင့် လုံလောက်မှုမရှိသည့်အတွက် ပြည်မကိုသာ အားကိုးနေရသေးကြောင်း ဦးလှသိန်းက သတင်းသမားများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပြန်သည်။ 

ယင်းသို့ စစ်ကောင်စီ၏ သတင်းထုတ်ပြန်မှုများမှာ ရှေ့နောက် ညီညွတ်မှုမရှိသည်ကို ကြည့်ခြင်းအားဖြင့် အောက်စီဂျင်ရရှိရေးအတွက် စစ်ကောင်စီအနေဖြင့် ထိရောက်အောင် လုပ်ပေးနိုင်မည်မဟုတ်ဘဲ ပကတိ မြေပြင်အခြေအနေကို ဖုံးကွယ်ရန်နှင့် ပြည်သူကို လှည့်စားရန် ကြိုးစားနေခြင်းသာဖြစ်သည်ဟု ပြည်သူများ နားလည်သဘောပေါက်လာခဲ့သည်။

စစ်ကောင်စီသည် ကပ်ဘေးတတိယလှိုင်းအတွက် ကြိုတင်ပြင်ဆင်ခဲ့ပုံမရဟု အောက်စီဂျင်ရရှိရေးအတွက် လုပ်ဆောင်နေသည့် ပရဟိတခေါင်းဆောင်တစ်ဦးက ဆိုသည်။

“စစ်ကောင်စီအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်နေတဲ့အချိန်မှာ ကိုယ့်ဒေသကိုလည်း ကူးစက်လာနိုင်တဲ့အတွက် ကြိုတင်ကာကွယ်ရေးလုပ်ဆောင်ချက်တွေ အားနည်းခဲ့တယ်။ နောက်တစ်ချက် ကိုဗစ်အတွက် ရန်ပုံငွေ ဘယ်လောက်သုံးမယ် ဆိုတာကို ပြည်သူကို မချပေးခဲ့ဘူး။ ဆိုတော့ သတင်းအချက်အလက်ထုတ်တာ အားနည်းခဲ့တယ်။ နောက်တစ်ချက်ကလည်း လူမှုအဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်တာတွေ အားနည်းတယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ဘယ်လိုမှ စစ်ကောင်စီရဲ့လုပ်ဆောင်ချက်က အားရစရာမရှိဘူး။ ဒါကြောင့် ဘယ်လိုမှ အားထားလို့ရမယ့် အနေအထားမရှိဘူး” ဟု အဆိုပါ ပရဟိတသမားက ပြောသည်။

ကိုယ်ထူကိုယ်ထ စက်ရုံများ

ထို့ကြောင့် စစ်ကောင်စီ၏ ပြောစကားကို နားမယောင်တော့ဘဲ ဇူလိုင်လဆန်းပိုင်းမှစ၍ မြောက်ဦးအပါအဝင် ရခိုင်ပြည်နယ် မြို့နယ်အားလုံးနီးပါးတွင် အောက်စီဂျင်ဖြည့်သည့် စက်ရုံတည်ဆောက်နိုင်ရန်အတွက် ကိုယ်ထူကိုယ်ထ  ကြိုးပမ်းနေကြသည်။

မြောက်ဦးမြို့တွင် တစ်ရက်လျှင် အနည်းဆုံး အလုံးရေ ၄၀ ဖြည့်တင်းပေးနိုင်မည့် စက်ရုံလည်ပတ်နေပြီ ဖြစ်သည်။ သို့ရာတွင် မြို့နယ်အတွင်း အောက်စီဂျင်လိုအပ်ချက် များပြားနေသည့်အတွက် တခြားမြို့နယ်များအတွက် ဖြန့်ဝေပေးနိုင်ခြင်းမရှိပေ။

စစ်တွေတွင် စက်ရုံတည်ဆောက်ရေးလုပ်ငန်းစတင်နေပြီး တပ်ဆင်ရမည့် စက်မှာ သြဂုတ်လကုန်ပိုင်းတွင် ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ သြဂုတ်တတိယပတ်တွင် ၄၀ လီတာဆံ့ အောက်စီဂျင်အိုး အလုံး ၅၅၀ စစ်တွေသို့ ရောက်မည် ဖြစ်ကြောင်း သိရသည်။

ပြည်နယ်အတွင်း ကိုယ်ထူကိုယ်ထဆောက်လုပ်မည့် စက်ရုံများက တစ်ရက်လျှင် အောက်စီဂျင်အလုံး ၆၀ မှ ၂၀၀ အထိ ဖြည့်တည်းနိုင်မည်၊ လာမည့် ၂ လ သို့မဟုတ် ၃ လ အတွင်း လုပ်ငန်း စတင်လည်ပတ်နိုင်မည်ဟု စစ်တွေမြို့ အောက်စီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် ဦးဆောင်သူတစ်ဦးက ပြောသည်။

“ကျွန်တော်သိသလောက်ကတော့ စစ်တွေမှာ အောက်စီဂျင်စက်ရုံတည်ဆောက်မှု ၃၀ ရာခိုင်နှုန်းပြီးနေပြီ။ အောက်စီဂျင်အိုးတွေလည်း မြန်မာပြည်ထဲကို ရောက်နေပြီ။ စစ်တွေကို အောက်စီဂျင်ဖြည့်ပြီး သယ်လာဖို့အပိုင်းဖြစ်နေတယ်။  စက်တင်ဘာ ဒုတိယအပတ်မှာဆိုရင် အောက်စီဂျင်ထုတ်နိုင်မယ့် အခြေအနေရှိနေပါတယ်။ တခြားမြို့နယ်မှာလည်း အောက်တိုဘာလထဲမှာတော့ တော်တော်များများ လည်ပတ်နိုင်မယ့်အနေအထားပါ” ဟု သူက ဆက်ပြောသည်။

လည်ပတ်နေသော စက်ရုံ ၇ ရုံ 

မြောက်ဦးမြို့မှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် တည်ဆောက်ထားသည့် အောက်စီဂျင်စက်ရုံမှာလည်း သြဂုတ်လ၃ရက်နေ့က လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အောက်စီဂျင်ထုတ်လုပ်မှုများကို ရပ်နားထားခဲ့ရသည်။

ကျွန်းပေါ်တွင် တည်ရှိသော မာန်အောင်မြို့တွင် ကိုယ်ထူကိုယ်ထတည်ဆောက်မည့် အောက်စီဂျင်ထုတ်စက်ရုံကို လျှပ်စစ်မီးမရရှိသဖြင် မီးစက်စနစ်ဖြင့် လည်ပတ်ရန် စီစဉ်ထားရကြောင်း စက်ရုံဖြစ်မြောက်ရေးဆောင်ရွက်နေသူများထံမှ သိရသည်။

ရခိုင်တွင် လိုအပ်သည့်အောက်စီဂျင်ကို လက်ရှိတွင် ပြည်နယ်အတွင်းမရရှိသေးသည့်အတွက် ပြည်မမှ အောက်စီဂျင်များကို အားကိုးနေရကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ဇူလိုင်လ ၃၁ ရက်နေ့ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လက်ရှိ ရခိုင်ပြည်တွင် အောက်စီဂျင်ထုတ်လုပ်မှုအပိုင်း၌ မြို့နယ်တချို့အပါအဝင် အမ်းနှင့် စစ်တွေရှိ တပ်ဆေးရုံများမှ တစ်ရက်လျှင် ၄၀ လီတာအိုး ၁၅၀ ခန့်သာ ထွက်ရှိနေသေးသည်ဟု ဦးလှသိန်းက ပြောသည်။

ရခိုင်ပြည်အတွက် လိုအပ်သည့် အောက်စီဂျင်များကို မြောင်းတကာရှိ တပ်မတော်ပိုင် သံမဏိစက်ရုံနှင့် ကပစ (ထုံးဘို) တို့မှ အလုံး ၁၄၀ ရယူကာ တောင်ကုတ်မှတစ်ဆင့် သယ်ယူ၍ အသုံးပြုနေရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိ၌ ရခိုင်ပြည် မြို့နယ် ၁၇ ခုလုံးတွင် ကိုယ်ထူကိုယ်ထအောက်စီဂျင်စက်ရုံများ တည်ဆောက်လျက်ရှိကြပြီး စက်ရုံလည်ပတ်ရန် အသင့်မဖြစ်သေးကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

နေ့စဉ် အောက်စီဂျင်ဖြည့်တင်းနိုင်မှုမှာ စစ်တွေဆေးရုံတွင် အလုံး (၉၀)ကျော်၊ ကျောက်ဖြူဆေးရုံတွင် ၇၀ ကျော်၊ သံတွဲ စက်ရုံတွင် ၄၀၊  မြောက်ဦးစက်ရုံတွင် ၄၅ လုံးခန့် ရှိသည်ဟု  ပြည်နယ်စစ်ကောင်စီ၏ သြဂုတ် ၁၁ ရက်နေ့ မှတ်တမ်းအရ သိရသည်။  မောင်တောဆေးရုံတွင် ၃ လုံး၊ စစ်တွေနှင့် အမ်းရှိ စစ်ဆေးရုံတို့တွင်လည်း ၁၀ လုံးခန့်စီ ထုတ်လုပ်နိုင်သည်ဟု ထိုမှတ်တမ်းက ဆိုသည်။

စစ်တွေမြို့ BMG ပုဂ္ဂလိကအောက်စီဂျင်စက်ရုံက လုပ်ငန်းစတင်နေပြီဖြစ်ရာ ၂၄ နာရီအပြည့် လည်ပတ်နိုင်မည်ဆိုပါက တစ်နေ့ကို ၄၀ လီတာဆံ့ အောက်စီဂျင်အလုံးရေ ၇၀ နှင့် ၈၀ ကြား ဖြည့်တင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် သဘာဝဘေးဒဏ်ကြောင့် ယာယီရပ်နားခဲ့ရသည့် သံတွဲနှင့် မြောက်ဦးမြို့နယ်တို့မှ အောက်စိဂျင်စက်ရုံနှစ်ရုံ ပြန်လည်ပတ်နေပြီဖြစ်သည်။ များမကြာမီ လပိုင်းတွင် မြို့နယ်အသီးသီးမှ စက်ရုံများ လည်ပတ်ထုတ်လုပ်နိုင်ဖွယ်ရှိသဖြင့် အောက်စီဂျင်အတွက် စိတ်အေးရမည်ဟု ယူဆနေကြသည်။ 

”ရှေ့မှာဖြစ်လာမယ့်အနေအထားကို ကြိုတင်ပြောလို့မရပေမဲ့ လက်ရှိ ဖြစ်ပွားမှုနှုန်းနဲ့ ဆိုလို့ရှိရင် စက်ရုံတွေအားလုံး လည်ပတ်နိုင်လို့ရှိရင်တော့ လုံလောက်မှုရှိနိုင်ပါတယ်”ဟု ဦးဇော်ဇော်ထွန်းက သုံးသပ်သည်။

Show More

Related Articles

Back to top button