သတင်း

ဈေးကစားသည်ဟူသော စွပ်စွဲချက်ဖြင့် ဆေးဂိုဒေါင်အချို့ကို စစ်ကောင်စီချိပ်ပိတ် 

ရန်ကုန်မြို့ရှိ ဆေးဝါးသိုလှောင်သည့် ဂိုဒေါင် ၃၁ လုံးကို စစ်ဆေးပြီးနောက် ဈေးကွက်ထိန်းချုပ်သည်၊ ဈေးနှုန်းမြှင့်တင်သည်ဆိုသော စွပ်စွဲချက်ဖြင့် အချို့ကို အရေးယူလိုက်သည်ဟု စစ်ကောင်စီက ကြေညာသည်။

ထိုသို့ စစ်ဆေးရခြင်းမှာ ဆေးဝါးဈေးနှုန်းများ မြင့်မားခြင်းမရှိစေရန် ရည်ရွယ်ပြီး ဂိုဒေါင်များမှ ဆေးဝါးများကို မည်သည့်နေရာဒေသသို့ ပို့သည်ကိုပင် မှတ်တမ်းထားရှိရန် ညွှန်ကြားထားကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်က ဆိုသည်။ 

ဩဂုတ် ၁၃ ရက် အထိ စိစစ်ခဲ့မှုကို ယနေ့ (ဩဂုတ် ၁၄) ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သော်လည်း အရေးယူခဲ့သည့် ဂိုဒေါင်အရေအတွက်ကိုမူ အတည်ပြုထားခြင်း မရှိပေ။

တာမွေမြို့နယ် မင်္ဂလာဈေးနှင့် ပန်းဘဲတန်းမြို့နယ်ရှိ ဆေးရောင်းချနေသူအချို့ကမူ စစ်ကောင်စီသည် ဆေးဝါး ဂိုဒေါင် ၂၂ လုံးကို ချိပ်ပိတ်ထားကြောင်း၊ ဆေးကုမ္ပဏီများထံမှ တိုက်ရိုက်မှာယူရောင်းချနေကြသဖြင့် ဆေးဝါးပြတ်လပ်မှုများမရှိသော်လည်း အချိန်ကြန့်ကြာမှုဖြစ်ပေါ်နေကြောင်း ပြောသည်။

“အလွယ်တကူ မရောက်ကြဘူး။ ဆေးတွေကတော့ မပြတ်ဘူး။ ဆေးဆိုင်တွေက ပိတ်လို့မရဘူး”ဟု ပန်းဘဲတန်းမြို့နယ်ရှိ ဆေးဝါးရောင်းသူတစ်ဦးက ပြောသည်။

တိုင်းနှင့် ပြည်နယ်များတွင် အောက်ဆီဂျင်နှင့် ဆေးဝါးပစ္စည်းများရရှိနိုင်မည့် နေရာများကို စုစည်းဖော်ပြနေသည့် Oxygen Tracker MM အဖွဲ့အဆိုအရမူ စစ်ကောင်စီက ချိပ်ပိတ်ထားသည့် ဆေးဂိုဒေါင်နှင့် ဆေးဆိုင်ပေါင်း ၄၄ အထိရှိသည်။ 

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ကုသရာတွင် လိုအပ်သည့် အောက်စီဂျင်နှင့် သတင်းအချက်အလက်များမျှဝေရန် အဆိုပါအဖွဲ့ လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုဖြစ်သော Telegram ၌ အထက်ပါအတိုင်း အချက်အလက်များ စုစည်းဖော်ပြပေးလျက်ရှိသည်။

ကိုဗစ်ကာကွယ်ဆေးအပြင် အခြေခံအိမ်သုံးဆေးဖြစ်သည့် ပါရာစီတမောအပါအဝင် စုစုပေါင်း ဆေးဝါး ၃၄ မျိုးကို ရှာဖွေချိပ်ပိတ်နေကြောင်း၊ ပြည်သူတို့အတွက် အသက်ကယ်ဆေးများကို လိုက်လံပိတ်သိမ်းနေသည့် စစ်ကောင်စီကို လုံးဝအလိုမရှိကြောင်းလည်း အဆိုပါအဖွဲ့က Telegram တွင် ဖော်ပြထားသည်။ 

ဆေးဝါးသိုလှောင်သည့် ဂိုဒေါင်များကို စစ်ဆေးမှု၊ ချိပ်ပိတ်မှုအခြေအနေများနှင့် ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းနေသော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်များအရ ကိုဗစ်တတိယလှိုင်း အပြင်းအထန်ကြုံခဲ့ရသော ဇူလိုင်လတွင် ကိုဗစ်ကြောင့် လူ ၆၀၀၀ သေဆုံးခဲ့သည်။ သို့သော် လူမှုကူညီရေးအသင်းအဖွဲ့များကမူ သေဆုံးသူ သောင်းဂဏန်းရှိနိုင်သည်ဟု ဆိုသည်။ 

Show More

Related Articles

Back to top button