သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့အရေး အချိန်ယူဦးမည်ဟု အာဆီယံအထူးသံတမန်ပြော 

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့အရေး အချိန်ယူဦးမည်ဖြစ်ကြောင်း မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ရန် ယခုလဆန်းပိုင်းတွင် အာဆီယံအထူးသံတမန်အဖြစ် ခန့်အပ်ထားရသူ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof က ထုတ်ဖော်ပြောကြားသည်။

“ပထမဦးဆုံး ညှိနှိုင်းတိုင်ပင်တာတွေ အများကြီးလုပ်ရဦးမယ်။ အချိန်နည်းနည်းကြာဦးမှာပါ။ ပြီးမှ မြန်မာနိုင်ငံကို သွားရောက်နိုင်မှာပါ” ဟု ၎င်းက ပြောသည်ဟု Kyodo သတင်းဌာနက ဩဂုတ် ၉ တွင် ရေးသားထားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် မြန်မာစစ်တပ်တာဝန်ရှိသူများကို တရားဝင်တောင်းဆိုရခြင်း မရှိသေးကြောင်းလည်း ဘရူနိုင်းဒုနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ “အဲဒီကိုသွားဖို့ ချက်ချင်းလက်ငင်းသွားဖို့ လိုတယ်ဆိုပေမဲ့ သေချာပြင်ဆင်ထားဖို့တယ်” ဟု ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းကြည်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းထားသည့်အပြင် ကြီးလေးသောပုဒ်မများအပါအဝင် အမှု ပေါင်း ၁၁ မှုဖြင့် တရားစွဲဆိုထားသည်။

လတ်တလောတွင် မြန်မာပြည်သူလူထုအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေး ပထမဦးစားပေးအနေဖြင့် ဆောင်ရွက်နေပြီး ယခုလ (ဩဂုတ်) လယ်ပိုင်းတွင် မြန်မာနိုင်ငံအတွက် အလှူရှင်များဆိုင်ရာညီလာခံကျင်းပရန်ရှိသည်ဟုလည်း Erywan Yusof က ပြောသည်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရန် အခြေအနေတင်းမာနေသည့် ဘက်ပေါင်းစုံ တာဝန်ရှိသူများနှင့် ထိတွေ့ဆက်ဆံနိုင်ရန် ရည်ရွယ်ထားပြီး တရုတ်အပါအဝင် အမေရိကန်၊ ဥရောပသမဂ္ဂတို့နှင့် စတင်ညှိနှိုင်းဆွေးနွေးရန် စီစဉ်နေသည်ဟုလည်း ၎င်းက ဆိုသည်။

မြန်မာ့အရေးအာဆီယံဘုံသဘောတူညီ ၅ ရပ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အာဆီယံအထူးသံတမန်အနေဖြင့် လာမည့်စက်တင်ဘာလ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် တိုးတက်မှုအခြေအနေ အစီရင်ခံတင်ပြရန် မျှော်လင့်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးသည် အထူးသံတမန်လုပ်ပိုင်ခွင့်၏ အစိတ်အပိုင်းမဟုတ်ကြောင်း၊ ဘက်ပေါင်းစုံမှလူများ အချင်းချင်းစကားပြောလာနိုင်စေရန် ၎င်းအနေဖြင့် အားလုံးကို စကားပြောဆိုမည်ဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံရေးအကျပ်အတည်းသည် အချိန်ယူရမည့်ကိစ္စဖြစ်သည်ဟု ဘရူနိုင်းဒုနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

မြန်မာ့အရေးအတွက် အာဆီယံက အထူးကိုယ်စားလှယ်ခန့်၍ ကြားဝင်ဆောင်ရွက်မှုမှာ အချိန်ဆွဲ၍ မရသလို အာဏာသိမ်းစစ်တပ်၏ သဘောဆန္ဒအတိုင်းသာ လုပ်ဆောင်ပါက အောင်မြင်မှုရမည်မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။ 

“ဒီလိုကိစ္စတွေက အချိန်ဇယားရှိဖို့ ခက်တယ်ဆိုပေမဲ့ ကျွန်တော်တို့ကိစ္စက အခြားနဲ့မတူပါဘူး။ အချိန်ဟာ ကျွန်တော်တို့ ပြည်သူတွေအတွက် အရမ်းတန်ဖိုးရှိပါတယ်။ တစ်ရက်အချိန်ပါသွားလေလေ၊ ကျွန်တော်တို့ လူသေမှုက တစ်ဦးတစ်ယောက် ပို​တိုးလာလေပဲပေါ့”ဟု ၎င်းက ပြောသည်။

ဧပြီ ၂၄ ရက်က အာဆီယံခေါင်းဆောင်များ၏ အထူးအစည်းအဝေးမှ ထွက်ပေါ်လာသည့် ဘုံသဘောတူညီချက် ၅ ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ခန့်အပ်ခြင်းကို သုံးလကျော်ကြာပြီးမှသာ ဆောင်ရွက်နိုင်ခဲ့သည်ကို ကြည့်လျှင် အချိန်ဇယားကိစ္စ မည်မျှအရေးကြီးသည်ကို သိနိုင်ကြောင်း ဦးကျော်မိုးထွန်းက ဆက်ပြောသည်။

အာဆီယံအထူးသံတမန်အဖြစ် ခန့်အပ်ခံရသူ Erywan Yusof သည် ဇွန်လဆန်းပိုင်းက နေပြည်တော်သို့ သွားရောက်ကာ စစ်ကောင်စီတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သော်လည်း အာဆီယံဘုံသဘောတူညီချက်နှင့် ပတ်သက်၍ တစ်စုံတစ်ရာတိုးတက်ပြောင်းလဲမှု မဖြစ်ပေါ်ခဲ့ပေ။

Show More

Related Articles

Back to top button