PDF နှင့် ဆက်သွယ်သည်ဟု စွပ်စွဲခံရပြီး တိမ်းရှောင်နေသည့် မန္တလေးမှ အသက် ၂၉ နှစ်အရွယ် ကိုအောင်ကျော်ထက် (ခ) တရုတ်လေးက ၎င်းကို ဖမ်းမမိသဖြင့် ဖျားနာနေသည့် ဇနီးနှင့် တစ်နှစ်အရွယ် သမီးငယ်ကို စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းသွားသည်ဟု ပြောသည်။
ဇူလိုင် ၃၁ ညနေပိုင်းက အိုးဘို၊ ရွှေကျင်ရပ်ကွက်ရှိ နေအိမ်သို့ စစ်ကောင်စီတပ်ရောက်လာကာ ဇနီးဖြစ်သူ အသက် ၂၁ အရွယ် မပိုးအိခိုင်၊ တစ်နှစ်အရွယ် သမီးဖြစ်သူတို့ကို ဖမ်းခေါ်သွားခြင်းဖြစ်ပြီး နောက်နှစ်ရက်အကြာတွင် ကလေးကို ပြန်လွှတ်ပေးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ကလေးငယ်ကို ပြန်လွှတ်သည့် ဩဂုတ်၂တွင် မိခင်နို့ အချိန်ပိုင်း တိုက်ကျွေးခွင့်ပြုမည်ဟု ရဲစခန်းက ပြောသော်လည်း နောက်တစ်ရက်၌မူ မပိုးအိခိုင်တွင် ကိုဗစ်ဖြစ်နေပြီဟုဆိုကာ ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း ဇနီးဖြစ်သူနှင့် ပတ်သက်၍ စုံစမ်း၍မရတော့ကြောင်း ကိုအောင်ကျော်ထက်က ပြောသည်။
“ကိုဗစ်တွေ့တယ်ဆိုတော့ ကလေးကိုလည်း အလာမခံတော့ဘူး။ ကလေးကတော့ အိုဗာတင်းနဲ့ပဲ ဖြေရှင်းနေရတာပေါ့” ဟု ၎င်းက ဆိုသည်။
မပိုးအိခိုင်၏ ကျန်းမာရေးအခြေအနေ၊ ဖမ်းဆီးထိန်းသိမ်းထားမှုတို့နှင့် စပ်လျဉ်း၍ အမှတ် ၂ နယ်မြေရဲစခန်းကို ဆက်သွယ်မေးမြန်း၍ မရသေးပါ။
ဓားစာခံဖမ်းဆီးသူများကို နှိပ်ကွပ်သည့် စစ်ကောင်စီ၏ လုပ်ရပ်များအနက် မန္တလေးတိုင်း၊ မိုးကုတ် မြို့နယ်အတွင်း ဆန္ဒပြခေါင်းဆောင်ဖြစ်သူ ဦးစိုးဌေးကို မမိ၍ ဇနီးနှင့် သမီးကို ဖမ်းသွားပြီး ဆူပူရန်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ – က ဖြင့်ထောင်သုံးနှစ်ချခဲ့သည့် ဖြစ်စဉ်မှာ ထင်ရှားသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးကတည်းက ခြောက်လကျော်အတွင်း စစ်ကောင်စီက လူ ၇၀၀၀ ကျော်ကို ဆက်လက်ဖမ်းဆီးထားကြောင်း၊ ဇွန် ၄ အထိစာရင်းအရ ဓားစာခံအဖြစ် ဖမ်းထားသူ ၄၅ ဦးထက်မနည်း ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းက ဆိုသည်။
အာဏာလုစစ်ကောင်စီက ထိုစာရင်းပါ ကိန်းဂဏန်းများမှာ ချဲ့ကားထားခြင်းဖြစ်သည်ဟု မကြာခဏ တုံ့ပြန်ခဲ့ပြီး AAPP ကို မတရားအသင်း ကြေညာခဲ့သည်။



