
ရန်ကုန် – ကျောက်စိမ်းအရိုင်းတုံးကို ကချင်ပြည်နယ် လုံးခင်း-ဖားကန့်၊ မော်လူး-မော်ဟန် ရတနာမြေ တို့မှ ပြည်နယ်မြို့တော် မြစ်ကြီးနားအထိ သယ်ယူခွင့် ပြုကြောင်း သြဂုတ်လ ၃ ရက်နေ့ရက်စွဲတပ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အမိန့်စာတစ်စောင်တွင် ဖော်ပြထားသည်။
နိုင်ငံအတွင်း ကျောက်မျက်အချောထည်လုပ်ငန်း ဖွံ့ဖြိုးရေး၊ ကျောက်စိမ်းအရိုင်း ပြည်ပသို့ တရားမဝင် သယ်ယူမှု တားဆီးရေးအတွက် ရည်ရွယ်သည်ဟု အမိန့်စာက ဆိုသည်။
ကျောက်စိမ်းအရိုင်းတုံးကို ဥပဒေများနှင့်အညီ တန်ဖိုးဖြတ်အဖွဲ့တွင် မှတ်ပုံတင်၊ အခွန်ဆောင်ပြီး မြစ်ကြီးနားသို့ သယ်ဆောင်ရာတွင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းအောက်ရှိ နယ်တူးဖော်ရေးရုံးခွဲများက ထုတ်ပေးသည့် ခွင့်ပြုချက်၊ အထောက်အထားများ ပူးတွဲ ပါရှိရမည်ဟု စည်းကမ်းချက် သတ်မှတ်ထားသည်။
ထိုသို့ ခွင့်ပြုခြင်းကို ကြိုဆိုကြောင်း ဖားကန့်ဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောသည်။
“ကျောက်စိမ်းလုပ်ငန်းနဲ့ပတ်သက်ပြီး ကိုယ်နိုင်ငံထဲမှာ စျေးကွက်ဖြစ်ပေါ်လာအောင် လုပ်လိုက်တာ။ အရင် တရုတ်ပြည်မှာပဲ စျေးကွက်ဖြစ်နေတာ။ သူတို့ ကိုယ်နိုင်ငံထဲမှာလာပြီး အချောထည်စက်ရုံဆောက်လို့ရပြီ။
ကိုယ်နိုင်ငံသားတွေလည်း ကျောက် သွားသွင်းတာတို့၊ စျေးကွက် ဝယ်လက်ရှာပေးတာတို့နဲ့ ပွဲခတို့ ဘာတို့ရအောင် တရားဝင် လုပ်လို့ရပြီ” ဟု ဦးခင်မောင်မြင့်က ဆိုသည်။
ဤအရွေ့ကြောင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမို များပြားလာနိုင်သည်ဟုလည်း သူက သုံးသပ်သည်။
မြစ်ကြီးနားနှင့် တခြားမြို့များတွင် ကျောက်အချောထည် ထုတ်လုပ်နိုင်သည့် စက်ရုံ အရေအတွက် အကန့်အသတ်သာ ရှိနေသဖြင့် တစ်ဖက်နိုင်ငံသို့ တရားမဝင် တင်ပို့နေမှု ဟန့်တားနိုင်မည့် အစီအမံများလည်း လိုအပ်နေသေးကြောင်း ဖားကန့်မြို့ဒေသခံ ကျောက်စိမ်းကျွမ်းကျင်သူ ကိုဇော်မိုးထက်က ပြောသည်။
“နယ်စပ်ကနေ နည်းမျိုးစုံနဲ့ ထွက်နေတုန်းပဲ။ အဲ့ဒါကို သယ်ယူပို့ဆောင်ခွင့်ရတော့ တရားဝင်လိုလို သယ်လာကြပြီး နယ်စပ်ရောက်မှ ဟိုဘက်ကို ရောင်းလိုက်ရင် ကုန်သွယ်တာကရတဲ့အခွန်တွေ ဆုံးဦးမှာကို သက်ဆိုင်တဲ့သူတွေအနေနဲ့ စနစ်တကျ တားဆီးဖို့လိုတယ်။ အဲဒီအတွက်လည်း ပြင်ဆင်ထားသင့်တယ်” ဟု သူက ဆိုသည်။
“ပြည်တွင်းမှာပဲ ထုခွဲရောင်းချတာမျိုးက ပိုကောင်းသွားတယ်။ ပြည်ပထွက်ပေါက်တွေက အခုချိန်ထိ အများကြီးဆိုတော့ ထိန်းချုပ်ရေးမှာ အဆင်သင့်ဖြစ်ပါ့မလားကို စိတ်ပူမိတယ်။