သတင်း

ဖမ်းဆီးခံထားရသည့် မန္တလေးမှ CDM ဆရာဝန်ကြီး ကိုဗစ်ကြောင့် သေဆုံး

စစ်ကောင်စီက ဖမ်းဆီးပြီးကာ ပုဒ်မ သုံးခုဖြင့် တရားစွဲဆိုထားသည့် အသက် ၄၅ နှစ်အရွယ်​ မန္တလေးဆေးတက္ကသိုလ်၊ ခွဲစိတ်ကုပညာဌာန၊ ကထိက ဒေါက်တာမောင်မောင်ငြိမ်းထွန်းမှာ ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါဖြင့် ယနေ့ (ဩဂုတ် ၈) နံနက် ၆နာရီ ၃၈တွင်  ကွယ်လွန်ခဲ့သည်။

ဒေါက်တာမောင်မောင်ငြိမ်းထွန်းမှာ ဇွန် ၁၃ တွင် ဖမ်းဆီးခံခဲ့ရပြီး မန္တလေးနန်းတွင်းစစ်ကြောရေး၌ ထိန်းသိမ်းခံထားရစဉ် ဇူလိုင် ၁၉ တွင် ကိုဗစ်ကူးစက်ခံသည်ကို အတည်ပြုနိုင်ခဲ့သည်။

သို့သော် စစ်ကောင်စီက ဆေးရုံသို့မပို့ဘဲ အမှတ် ၉ ရဲစခန်း၌ နှစ်ပတ်ချုပ်နှောင်ထားခဲ့ကြောင်း၊ ဇူလိုင် ၂၈ ရက်မှသာ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ၈၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သဖြင့် ဆေးကုသခွင့်ရခဲ့သည်ဟု ဒေါက်တာမောင်မောင်ငြိမ်းထွန်း၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးက Myanmar Now ကို ပြောသည်။

“တကယ်တော့ အိုးဘိုပို့မလို့၊ မပို့ခင် အမှတ် ၉ ရဲစခန်းမှာ ၂ ပတ် Quarantine (သီးခြားခွဲထား) မယ်ဆိုပြီးထားတာ။ အနံ့ပျောက်တဲ့ သူတစ်ယောက်ကို negative ဆိုပြီး (သူနဲ့) အတူတူထားတယ်။ SpO2 (သွေးထဲအောက်စီဂျင်ပါဝင်မှု) ကျတော့လည်း ဆေးရုံမပို့ဘူး။ Dexa မထိုးဘူး။ အချူပ်ထဲမှာပဲ O2 ပေးတယ်။ မရတော့မှ MGH (မန္တလေးပြည်သူ့ဆေးရုံကြီး) ပို့တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ လုပ်ဖော်ကိုင်ဖက်သည်လည်း ဒေါက်တာမောင်မောင်ငြိမ်းထွန်းနှင့်အတူ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူဖြစ်သည်။ 

ထို့အတူ ဒေါက်တာမောင်မောင်ငြိမ်းထွန်းကို မန္တလေးဆေးရုံအချုပ်ဆောင်သို့သာ ပို့ခဲ့သဖြင့် ကိုဗစ်ကုသဆောင်တွင် တက်ရောက်ကုသခွင့်ရရန် များစွာအတိုက်အခံလုပ်၍ ပြောခဲ့ရသည်ဟု အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။

ဒေါက်တာမောင်မောင်ငြိမ်းထွန်းသေဆုံးမှုကို မိခင်ဖြစ်သူကလည်း ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားအတည်ပြုခဲ့ပြီး မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်(ICU)၌ ယနေ့ (ဩဂုတ် ၈) နံနက် ၆ နာရီ ၃၈ တွင် ကွယ်လွန်သည်ဟု ဖော်ပြေထားသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် CDM တွင် ပါဝင်ခဲ့သူ ဒေါက်တာမောင်မောင်ငြိမ်းထွန်းသည် အရပ်သားအစိုးရလက်ထက်က ကိုဗစ်နိုင်တင်းကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာထားထားလင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့နှင့် ဆက်နွှယ်မှုရှိသည်ဟု စစ်ကောင်စီက စွပ်စွဲထားသူဖြစ်သည်။

ဖမ်းဆီးခံရစဉ်က ဒေါက်တာမောင်မောင်ငြိမ်းထွန်း၏ မျက်နှာတွင် ညိုမည်းဒဏ်ရာများရရှိထားသည်ကို စစ်ကောင်စီထုတ်ပြန်ထားသော ဓာတ်ပုံများတွင် တွေ့ရှိရသည်။ ၎င်းနှင့်အတူ ဇနီးဖြစ်သူ မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီး အထူးကုဆရာဝန် ဒေါက်တာဆွေဇင်ဦးတို့ကိုပါ စစ်ကောင်စီက ဖမ်းဆီးပြီး တရားစွဲဆိုထားသည်။

ဒေါက်တာဆွေဇင်ဦးမှာလည်း ဇွန် ၁၃ ကတည်းက ဖမ်းဆီးခံခဲ့ရပြီး နန်းတွင်းစစ်ကြောရေး၌ပင် စစ်ဆေးမေးမြန်းခံနေရဆဲဖြစ်ကာ ကိုဗစ်ကူးစက်ခံနေရသည်ဟု သိရှိထားကြောင်း CDM ဆရာဝန်အသိုင်းအဝိုင်းက ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

‌အထက်ပါ ဆရာဝန်ကြီးဇနီးမောင်နှံတို့ကို စစ်ကောင်စီက ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ -က၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုဆိုင်ရာ ပုဒ်မ ၁၂၄၊ မတရားအသင်းဆက်သွယ်မှုဆိုင်ရာပုဒ်မ ၁၇ တို့ဖြင့် ဇွန် ၁၄တွင် အမှုဖွင့်ထားသည်။

Show More

Related Articles

Back to top button