မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ဝန်ခြုံး၊ ကင်းမရွာတို့ကို အနိုင်ကျင့်ဖျက်ဆီးကြပြီးနောက်တွင် စစ်တပ်နှင့် ၎င်း၏လက်ပါးစေ အရပ်ဘက်တပ်ဖွဲ့ဟု နာမည်ကျော်သည့် ပျူစောထီးအဖွဲ့က နေ့စဉ်နီးပါး ဆက်လက်ရန်ပြုနေသည်ဟု ဒေသခံသုံးဦးက Myanmar Now ကို ပြောသည်။
“ဝန်ခြုံးက နေ့တိုင်းဖျက်နေတာလို့ ပြောတယ်။ လူတွေကတော့ ရွာထဲမရှိဘူး။ ပစ်တာလည်း တဖောင်းဖောင်းနဲ့ ပစ်နေတာ။ တိုက်ပွဲက မဖြစ်ဘူး။ ကာကွယ်ရေးအဖွဲ့က သူ့နေရာနဲ့သူရောက်ပြီ။ မနေ့က ကင်းမမှာ မီးဘေးလှူတဲ့ပစ္စည်းတွေသွားယူတဲ့သူတွေ အပြန်မှာ စစ်တပ်နဲ့တိုးတယ်။ ကင်းမကဆိုတာနဲ့ ခေါ်သွားတယ်လို့ သိရတယ်”ဟု ဒေသခံများကို ကိုးကား၍ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဒေသခံ PDF နှင့် ရပ်မိရပ်ဖတစ်ဦး၏ အဆိုအရ ဇွန် ၁၅ ရက်က ရွာလုံးကျွတ်နီးပါး မီးရှို့ခံထားရသည့် ကင်းမရွာမှ သူနာပြုနှစ်ဦး၊ ရွာသားလေးဦးတို့ကို ပေါက် – ဆိတ်ဖြူ လမ်းဆုံ၌ ယမန်နေ့(ဩဂုတ်၂)တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု သိရသည်။
“ပေါက်ကို ခေါ်သွားတယ်လို့ ကြားတယ်။ အခုထိ စုံစမ်းလို့မရသေးဘူး။ သူတို့ ရွာကို လှူတဲ့ဆေးပစ္စည်းကို သွားယူကြတာ။ ကျွန်တော်တို့လည်း တောထဲမှာပဲ နေနေကြတာ။ ရွာထဲ မကပ်ရဲသေးဘူး။ အရှိန်နဲ့ကို လန့်နေရတာ”ဟု ကင်းမရွာ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူများမှာ ရွာမီးရှို့ခံရ၍ နေစရာမရှိသလို၊ စစ်တပ်၏ ရန်ကိုကြောက်၍ အခြားနေရာ၌ တိမ်းရှောင်နေကြသူများဖြစ်ကြောင်း၊ လူဦးရေ ၁၀၀၀ ကျော်ရှိသော ကင်းမဒေသခံအားလုံးနီးပါးမှာ ယနေ့တိုင် ရွာသို့ပြန်၍ အခြေမချရဲသေးကြောင်း အထက်ပါ သတင်းရင်းမြစ်နှစ်ခုက ပြောသည်။
ထို့အတူ အိမ်ခြေ ၃၀၀ ခန့် ရှိသည့်၊ လွန်ခဲ့သောသုံးရက်က နေအိမ်နှစ်လုံးမီးရှို့ခံရသည့် ဝန်ခြုံးရွာတွင် စစ်ကောင်စီနှင့် ပျူစောထီးတို့ ခြေရှုပ်နေဆဲဖြစ်ပြီး နေ့စဉ် နေအိမ် ၅ လုံးမှ ၁၀ လုံးအထိ ဖျက်ဆီးခံနေရကြောင်း အထက်ပါ ဒေသခံတို့ကပင်ပြောသည်။
“အိမ်တွေက အပြင်ပိုင်းဖျက်ဆီးခံရတာတွေလည်းရှိတယ်။ တချို့အိမ်တွေကျတော့ အတွင်းထဲက ဗီရိုတွေ၊ စားပွဲတွေ၊ တံခါးတွေ ဖျက်ဆီးပစ်တာ။ အုတ်(ရေ)ကန်တွေ ဘာတွေဆိုလည်း ဖောက်ထားကြတာ”ဟု ဝန်ခြုံးရွာခံတစ်ဦးက ပြောသည်။
ဒေသခံတို့၏ အဆိုအရ စစ်တပ်နှင့် ပျူစောထီးအဖွဲ့တို့သည် ယမန်နေ့(ဩဂုတ်၂) အထိ ဝန်ခြုံးရွာတွင် တပ်စွဲထားပြီး မကြာခဏ သေနတ်ပစ်ဖောက် ခြောက်လှန့်နေသည်ဟု သိရသည်။
“ရွာထဲကို ပစ္စည်းလေးတွေသွားယူတဲ့ ကလေးလေးတွေကို လိုက်ပစ်တာ။ ရွာပတ်ပတ်လည်က တဲတွေကိုလည်း လိုက်ပစ်တာတွေ လုပ်တယ်။ အခုထိ ရွာနားကို သွားလို့မရသေးဘူး။ ကုန်းပေါ်ကနေ မြင်နေရတာတော့ ပြန်တဲ့ပုံစံမျိုးလုပ်လုပ်ပြပြီး လိုက်ပစ်နေတာ”ဟု အထက်ပါ ရွာခံကပင် ပြောသည်။
ထို့ကြောင့် နေအိမ်တွင် မနေဝံ့၍ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ဝန်ခြုံးသား ၁၃၀၀ ကျော်နေပြီဟု ၎င်းတို့ထံမှ သိရသည်။ သို့သော် အသေးစိတ်အခြေအနေကိုမူ စုံစမ်း၍မရသေးပါ။
ဇူလိုင် ၃၁ နံနက်ပိုင်းကပင် တောင်ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရမှုကြောင့် ဒေသတွင်းသို့ ရောက်လာသည့် စစ်တပ်နှင့် ရဲတို့ကို ဒေသကာကွယ်ရေးအဖွဲ့က ဝန်ခြုံးရွာအနီးတွင် ခုခံခဲ့ပြီးနောက်တွင် ယခုကဲ့သို့ နေ့စဉ် ရန်ရှာခံနေရခြင်းဖြစ်ကြောင်း သိရသည်။
“ပင်တောင်ကလူတွေက PDF လူတွေနဲ့ တိုက်ပွဲဖြစ်တော့ သူတို့အထိနာတာကို ကျွန်တော်တို့ရွာက PDF တွေ ခေါ်လို့ဖြစ်တာဆိုပြီး အငြိုးထားနေတာ”ဟု အဆိုပါဝန်ခြုံးရွာခံကပင် ပြောသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန္ဒပြဆန့်ကျင်သူများ ရက်စက်စွာ နှိမ်နင်းခံနေရပြီးနောက် မေလမှစ၍ ပေါက်မြို့နယ်အတွင်း စစ်ကောင်စီ၏ ယန္တရားကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများရှိလာသည်။
မေ ၃၁ တွင် ကင်းမရွာအနီးရှိ ကြည့်ငိုတောင်ကြား၌ စစ်သား ၃၀ ကျော် သေဆုံးခဲ့ကြောင်း ခန့်မှန်းရသည့် မိုင်းခွဲတိုက်ခိုက်မှုအပြီးတွင် ပေါက်မြို့နယ်အတွင်း၌ စစ်ကောင်စီတပ်လှုပ်ရှားမှုများရှိနေခြင်း ဖြစ်သည်။