သတင်း

မြောက်ဦး ပုဂ္ဂလိကအောက်စီဂျင်စက်ရုံကို ထိန်းချုပ်ရန် စစ်ကောင်စီကြိုးပမ်း 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ပုဂ္ဂလိကအောက်စီဂျင်စက်ရုံကို စစ်ကောင်စီက အလှူငွေထည့်ဝင်ကာ ထိန်းချုပ်ရန် ကြိုးပမ်းနေကြောင်း ဒေသခံ၊ နိုင်ငံရေးနှင့် အရပ်ဘက်အဖွဲ့များ က ဝေဖန်ပြောဆိုကြသည်။ 

ထိုစက်ရုံကို မြောက်ဦးဆရာတော်ဦးဆောင်ပြီး ဒေသခံများ စုပေါင်းထည့်ဝင်ထားသည့် အလှူငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၂၂ တွင်မှ အောက်စီဂျင် စတင်ထုတ်လုပ်နိုင်ခြင်း ဖြစ်သည်။

ကျပ်သိန်း ၁၀၀ လှူဒါန်းမည့် ပြည်နယ်စစ်ကောင်စီက ၎င်းစက်ရုံမှ ထွက်ရှိမည့် အောက်စီဂျင်ကို ပြည်သူ့ဆေးရုံများကိုသာ ပို့ပေးစေလိုသည်ဟု ဆိုသည်။ 

စစ်ကောင်စီတောင်းဆိုသော်လည်း ဒေသခံတို့ကိုယ်တိုင် ဆုံးဖြတ်ကြမည်ဟု စက်ရုံလည်ပတ်ရေး အဓိကဆောင်ရွက်နေသည့် နန်းရိပ်ကရုဏာအောက်စီဂျင်အခမဲ့ကူညီရေးအဖွဲ့ ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

”သူတို့ (ပြည်နယ်စစ်ကောင်စီ) ညွှန်ကြားမှုဆိုတာက ဘယ်ဆေးရုံမှာ လူနာဘယ်လောက်ဝင်လဲဆိုတာကို ကျွန်တော်တို့ကို သူတို့က သတင်းပေးပါတယ်။ သူတို့ပြောတာက အောက်စီဂျင်ဘူးကို ဖြန့်ဖြူးဖို့ပြောတာ မဟုတ်ဘူး။ ဘယ်နေရာမှာ ဘယ်လောက်လိုနေတယ်ဆိုတာကို သူတို့က ကျွန်တော်တို့ကို သတင်းပို့ပါတယ်။ ဘယ်လောက် ပေးသင့်၊ မပေးသင့်ဆိုတာကို စီမံခန့်ခွဲတာ ကျွန်တော်တို့တာဝန်ပါ” ဟု ယင်းအဖွဲ့မှ ဦးမောင်ဝင်းရွှေက ဆိုသည်။

ပြည်နယ်စစ်ကောင်စီကမူ မြို့နယ်အလိုက် တည်ဆောက်ကြမည့် ပုဂ္ဂလိကအောက်စီဂျင်စက်ရုံများကို ထိန်းချုပ်နေခြင်းမဟုတ်ကြောင်း ဇူလိုင် ၂၃ ၌  ထုတ်ပြန်ပြောဆိုခဲ့သည်။

အောက်စီဂျင်ပေးရန် လိုအပ်သော ဆေးရုံများရှိ လူနာအခြေအနေကို စက်ရုံများသို့ အသိပေးခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။

ထို့ပြင် ​​လူမှုကွန်ရက်မီဒီယာမှ မသေချာမရေရာသော သတင်းများ၊ အပြုသဘောမဆောင်သော သတင်းများ ဖော်ပြနေမှုများကို စိစစ်ပြီး လိုအပ်ပါက ပထမအဆင့် ခေါ်ယူအသိပေးမည်ဖြစ်ကြောင်း ၎င်းတို့က ထုတ်ပြန်သည်။ 

ပြီးခဲ့သည့် ဇူလိုင် ၁၄ တွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်တိုင်းတွင် အောက်စီဂျင်ဘူး လုံလောက်အောင် လုပ်ဆောင်ထား၍ အထူးစိုးရိမ်စရာမလိုကြောင်း၊ ပြည်နယ်အစိုးရလက်ထဲတွင် နှာခေါင်းစည်း (Mask) ၁၀ သိန်းခန့်ရှိသည့်အတွက် ပြတ်လပ်သွားမည်ကို စိုးရိမ်စရာမလိုကြောင်း ပြည်နယ်စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံဆိုသူ ဦးလှသိန်းက စစ်တွေမြို့တွင် သတင်းစာရှင်းလင်းပွဲလုပ်ကာ ပြောဆိုခဲ့သည်။

ထိုသို့ပြောဆိုနေသော်လည်း ဇူလိုင် ၁၉ တွင် တောင်ကုတ်မြို့နယ်မှ ကိုဗစ်လူနာအမျိုးသမီးနှစ်ဦးမှာ အောက်စီဂျင်ပြတ်လပ်ပြီး သေဆုံးခဲ့သည်။ တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဇူလိုင်လဆန်းကတည်းက ကိုဗစ်လူနာ ၁၁ ဦးအတွက် အောက်စီဂျင်မလုံလောက်ကြောင်း ဒေသသတင်းများတွင် ဖော်ပြခဲ့ကြသည်။ 

ထို့နောက် ဇူလိုင်၂၀ တွင် စစ်တွေပြည်သူ့ဆေးရုံ၌ လူနာတစ်ဦး အောက်စီဂျင်ပြတ်လပ်သေဆုံးခဲ့၍ လူနာရှင်များနှင့် သူနာပြုများ အချင်းများခဲ့ပြီး နောက်တစ်ရက် ဇူလိုင်၂၁ ၌ စစ်တွေဆေးရုံရှိ သူနာပြုများအား ရဲအစောင့်အရှောက်ထားပေးခြင်း၊ အောက်စီဂျင်ဖြည့်ဆည်းပေးခြင်းများ စစ်ကောင်စီက လုပ်ဆောင်ပေးခဲ့သည်။ 

အောက်စီဂျင်မလုံလောက်မှုကို စစ်တွေမြို့အပါအဝင် တခြားသောမြို့နယ်များတွင် တွေ့နေရကြောင်း ရခိုင်အရပ်ဘက်အဖွဲ့များနှင့် ပြည်သူများက ဝေဖန်နေကြသည်ဟု DMG သတင်းဌာန၏ ဇူလိုင် ၂၁ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

မြောက်ဦးအောက်စီဂျင်စက်ရုံမှာ ပြီးစီးနေပြီဖြစ်သောကြောင့် ပြည်နယ်စစ်ကောင်စီက လှူဒါန်းမည်ဆိုသည့် ကျပ် သိန်း ၁၀၀ အား တခြားမြို့နယ်များသို့ လှူဒါန်းရန် အကြံပြုထားကြောင်း ဦးမောင်ဝင်းရွှေက ပြောသည်။

“ကျွန်တော်တို့စက်ရုံက ပြီးစီးနေပြီဖြစ်တာကြောင့် တခြားမြို့နယ်တွေကို ပေးလိုက်ပါလို့။ မဟုတ်ရင် ကျွန်တော်တို့ တခြားမြို့နယ်တွေမှာ အောက်စီဂျင်မထုတ်နိုင်ဆိုရင် ကျွန်တော်တို့မြောက်ဦးက တောင်ကုတ်တို့၊ ကျောက်ဖြူတို့၊ နေရာတိုင်းကို ကျွန်တော်တို့တစ်ဖွဲ့တည်း ပေးနေရမယ်ဆိုရင် ကျွန်‌တော်တို့လည်း ဒုက္ခရောက်သွားမယ်။ အဲဒါကြောင့်ပါ” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ ညွှန်ကြားချက် ပြည်နယ်စစ်ကောင်စီ၏ ပြန်ကြားရေးတာဝန်ရှိသူက ၎င်း၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင် ထုတ်ပြန်ခဲ့ပြီးမှ မြောက်ဦးအောက်စီဂျင်စက်ရုံက သိရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသအခြေစိုက် DMG မီဒီယာတွင် ဇူလိုင်၂၂ ၌ ဦးမောင်ဝင်းရွှေက ဖြေကြားထားသည်။ 

ရခိုင်တခြားမြို့နယ်များဖြစ်သော ​​မောင်တော၊ ဘူးသီးတောင်မြို့နယ်များ၌ အောက်စီဂျင်စက်ရုံ တည်ဆောက်မည့်အစီအစဉ်ကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ထားသော်လည်း ယနေ့အထိ ထောက်ပံ့မှုတစ်စုံတစ်ရာမရှိသေးကြောင်း ဘူးသီးတောင်မြို့မှ ဆရာတော် အရှင်နာယကက မိန့်သည်။ 

ပြီးခဲ့သည့် ဇူလိုင် ၂၀ တွင် ဘူးသီးတောင်မြို့နယ်၌ အောက်စီဂျင်စက်ရုံဖြစ်မြောက်ရေးဖွဲ့စည်းထားသည့် ရဟန်းသံဃာများဦးဆောင်ပြီး ဘာသာပေါင်းစုံပါဝင်သောကော်မတီ၊ ဘူးသီးတောင် စစ်ကောင်စီအုပ်ချုပ်ရေးမှူးနှင့် ဗိုလ်မှူးကြီးတစ်ဦး တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 

“အစည်းအဝေးတက်ရောက်လာတဲ့လူတွေရှေ့မှာတောင် ကိုယ်တော်တို့ အတိအလင်းပြောပြီးသားပါ။ ဒီအဖွဲ့အစည်းသည် သီးခြားလွတ်လပ်တဲ့အဖွဲ့အနေနဲ့ လုပ်သွားမယ်။ အလှူငွေတွေတော့ လက်ခံတယ်။ ရဟန်းသံဃာတွေနဲ့ လူမှုအဖွဲ့အစည်းက ပူးပေါင်းပြီးတော့ (ဦးဆောင်) လုပ်သွားမယ်” ဟု ၎င်းတွေ့ဆုံမှုတွင် ပြောခဲ့သည့်အခြေအနေကို မိန့်သည်။

၎င်းစက်ရုံသည် လက်ရှိတွင် ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး တစ်နေ့လျှင် အောက်စီဂျင်ဖြည့်သွင်းနိုင်မှုပမာဏ အလုံး ၈၀ မှ ၁၂၀ အထိ ထုတ်လုပ်ရန် ရည်မှန်းထားပြီး ကိုယ်ထူကိုယ်ထဆောင်ရွက်သည့် အောက်စီဂျင်စက်ရုံဖြစ်သည်။ 

မောင်တောမြို့နယ်သည် ​​ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ဖြစ်ပြီး ပိုးကူးစက်မှုမြင့်တက်နေကာ ပြီးခဲ့သည့် ဇူလိုင်လဆန်း၌ မောင်တောသို့ ပြောင်းလာသည့် နယ်ခြားစောင့်ရဲများတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ရ၍ လူ ၁၀၀ နီးပါး အစုလိုက်အပြုံလိုက် ကူးစက်ထားသည်။ 

အောက်စီဂျင်စက်ရုံတည်ဆောက်ရေးအတွက် ပြည်နယ်စစ်ကောင်စီက အကူအညီပေးမည်ဆိုပါက အလှူရှင်အနေဖြင့် လက်ခံမည်ဖြစ်ကြောင်း မောင်တောမြို့နယ်၊ အောက်စီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်က ပြောသည်။

“ကျွန်တော်တို့ဘက်တွေမှာတော့ တစ်ခုမှလည်း ကူညီတာမရှိသေးဘူး။ အကယ်လို့ အလှူရှင်တစ်ယောက်အနေနဲ့ (ပြည်နယ်စစ်ကောင်စီက) ပေးလာရင်တော့ လက်ခံပေးရမှာပေါ့။ ကျွန်တော်တို့ ကိုယ့်ဟာနဲ့ကိုယ်ကြိုးစားနေပြီးတော့ ရည်မှန်းချက်ပန်းတိုင် အနီးစပ်ဆုံးနေရာတစ်ခုကို ရောက်သွားပြီ” ဟု ၎င်းက ဆိုသည်။

ဒေသခံလူထုများက မြို့နယ်အလိုက် အောက်စီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီများဖွဲ့စည်းကာ အလှူငွေများကောက်ခံ၍ အောက်စီဂျင်စက်ရုံကို ကိုယ်ထူကိုယ်ထ ကြိုးစားတည်ဆောက်နေကြခြင်း ဖြစ်သည်။

​ရသေ့တောင်မြို့နယ်တွင်လည်း ကိုယ်ထူကိုယ်ထ အောက်စီဂျင်စက်ရုံတည်ဆောက်ရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။ 

ရန်ကုန်အပါအဝင် မြို့ကြီးများတွင်လည်း စစ်ကောင်စီက အောက်စီဂျင်များကို ပုဂ္ဂလိကသို့ မရောက်ရန် လိုက်လံထိန်းချုပ်နေပြီး အောက်စီဂျင်သယ်ယူပေးသော လူငယ်များကို စစ်ကောင်စီတပ်က ရိုက်နှက်ခဲ့သည်။ ယခုအခါ ရခိုင်တွင်ပါ ထိန်းချုပ်ရန် ကြိုးပမ်းလာနေခြင်း ဖြစ်သည်။

အောက်စီဂျင်ပြတ်လပ်မှုကြောင့် ကိုဗစ်လူနာအများစု သေဆုံးခဲ့ရသည့် ရန်ကုန်မြို့တွင် တစ်နေ့လျှင် လူတစ်ထောင်ကျော်ခန့် သေဆုံးခဲ့မှုများဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်ထိ သေဆုံးမှု မြင့်တက်နေဆဲဖြစ်သည်။ 

ရခိုင်ပြည်နယ်စစ်ကောင်စီဘက်မှ တစ်နေ့လျှင် စစ်တွေဆေးရုံ၌ အောက်စီဂျင်အိုးကြီး အလုံး ၆၀၊ ကျောက်ဖြူဆေးရုံတွင် အိုးကြီး အလုံး ၄၀၊ မောင်တောဆေးရုံတွင် အိုးကြီး ၃ လုံး၊ သံတွဲဆေးရုံတွင် အိုးကြီး ၃ လုံး၊ စစ်တွေမြို့ရှိ စစ်ဆေးရုံတွင် အိုးကြီး ၁၂ လုံး၊ အမ်းမြို့ရှိ စစ်ဆေးရုံတွင် အိုးကြီး ၁၀ အိုး အောက်စီဂျင်ဖြည့်လျက်ရှိသည်ဟု ပြည်နယ်စစ်ကောင်စီပြန်ကြားရေးသို့ ပြောထားသည်။ 

ပကတိဖြစ်ပေါ်နေသော အဖြစ်အပျက်နှင့် အခက်အခဲကို (ပြည်နယ်စစ်ကောင်စီက) ဖုံးဖိမထားဘဲ မှန်မှန်ကန်ကန် အရှိကိုအရှိအတိုင်း အောက်စီဂျင်ပြတ်နေလျှင် ပြတ်နေသည်ဟု ပြည်သူလူထုကို ချပြဝန်ခံလျှင် ပြည်သူလူထုကလည်း လက်ခံနိုင်မည်ဟု ထင်မြင်ကြောင်း စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်တွေဆေးရုံကြီးတွင် ဖြစ်ပေါ်ခဲ့သည့် အောက်စီဂျင်ပြတ်လပ်မှုကြောင့် လူနာသေဆုံးခဲ့ရသည့်ကိစ္စအပေါ် ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

“လုံးဝမပြတ်နိုင်အောင် စီစဉ်ထားနိုင်တာမှမဟုတ်တာ။ အဲဒါကို ဖုံးဖိပြီးတော့ ဖြေနေစရာလည်းမလိုဘူး။ ချွတ်ယွင်းရင် ချွတ်ယွင်းတယ်လို့ ဝန်ခံလိုက်။ ဒီချွတ်ယွင်းချက်တွေကို ဘယ်လိုပြုပြင်ကြမလဲ။ ပြည်သူလူထုကို သတင်းအမှန်တွေ ဘယ်လိုပေးနိုင်မလဲဆိုတာကို အရှိကိုအရှိတိုင်း ဖြစ်နေတဲ့အနေအထားကို မဖုံးဖိဘဲနဲ့ မှန်မှန်ကန်ကန် ပူးပေါင်းကြရင်တော့ ပြည်သူလူထုလည်း လက်ခံကြမယ်ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုသို့ အောက်စီဂျင်ကိစ္စအပါအဝင် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက ပြည်မတွင် နှိပ်ကွပ်သကဲ့သို့ လုပ်ဆောင်မှုများ ပြုလုပ်၍ မရသည့်အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက AA အုပ်ထိန်းမှုနှင့် ရခိုင်ပြည်သူများ၏ ကိုယ်ထူကိုယ်ထကြိုးစားခြင်းများကြောင့်ဖြစ်သည်ဟု ပြောသည်။ 

“ရခိုင်ပြည်မှာကျတော့တစ်မျိုး၊ PDF လှုပ်ရှားမှုတွေလည်းမရှိ။ အားလုံးကို AAတပ်တော်ဘက်ကလည်း အဲဒီလိုမဖြစ်အောင် ထိန်းထားတဲ့အနေအထားမျိုးရှိတယ်။ ရခိုင်ပြည်နယ်အနေနဲ့တော့ အစိုးရဘက်က အုပ်ချုပ်ရေးပျက်သွားသည့်တိုင်အောင် AA ဘက်က အုပ်ချုပ်ရေးအစားထိုးပြီးတော့ တည်ငြိမ်တဲ့အနေအထားတစ်ခုကို ထိန်းထားနိုင်တယ်ဆိုတော့ ပြည်သူတွေကလည်း ပူးပေါင်းဆောင်ရွက်လို့ရတာ ဆောင်ရွက်တယ်။ ဆောင်ရွက်လို့မရတဲ့အပိုင်းမှာလည်း ကိုယ်ထူကိုယ်ထ အောက်စီဂျင်စက်ရုံတွေ တည်ဆောက်လာကြတယ်။ ကြိုးစားလာကြတယ်” ဟု ၎င်းက ပြောသည်။ 

လက်ရှိတွင် ပြည်နယ်စစ်ကောင်စီက နေအိမ်တွင်နေထိုင်ရေး (Stay at Home) မကြေညာသော်လည်း AA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA က နေအိမ်တွင်နေထိုင်ရေး ရက်သတ္တပတ်နှစ်ပတ် ထုတ်ပြန်ကြေညာခဲ့ရာ ရခိုင်လူထုအများအပြားက လိုက်နာခဲ့သည်။ 

ကိုဗစ်နိုင်တင်းရောဂါကြောင့် ဇူလိုင် ၂၂ အထိ မြောက်ဦးမြို့တွင် သေဆုံးသူ ၃ ဦးနှင့် ဆေးကုသမှုခံယူနေသူ ၄၀ ဦး ရှိပြီး မောင်တောမြို့တွင် သေဆုံးသူ ၆ ဦးနှင့် ဆေးကုသမှုခံယူနေသူ ၁၀၅ ဦး ရှိနေပြီး ရခိုင်တစ်ပြည်နယ်လုံးတွင် သေဆုံးသူ ၈၃ ဦး ဆေးကုသမှုခံယူနေသူ ၁၀၅၅ ဦး ရှိသည်။ 

ကိုဗစ်ကူးစက်ခံနေရသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာကျောင်းမှ ကျောင်းထိုင်ဆရာတော်သည် ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဇူလိုင် ၂၂ က ပျံလွန်တော်မူခဲ့သည်။

ဘူးသီးတောင်မြို့တွင် ​​အသက် ၇၉ နှစ်အရွယ် အမျိုးသားတစ်ဦး ဇူလိုင် ၂၃ တွင် ကိုဗစ်ရောဂါဖြင့် သေဆုံးခဲ့သည်။

Show More

Related Articles

Back to top button