ယမန်နေ့ (ဇူလိုင် ၁၀) နံနက်က ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ဒေသခံ ၂ ဦး မိုင်းထိပြီး ဒဏ်ရာပြင်းထန်သောကြောင့် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးတိုက်နယ်ဆေးရုံတွင် ကုသမှုပေးနေသည်။
ဒါးလက်အုပ်စု၊ ကျောက်ဆင်ကျေးရွာမှ ၂၃ နှစ်အရွယ် လင်းမောင်နှင့် ၂၈ နှစ်အရွယ် စိုးနိုင်တို့ ရွာတောင်ဘက် နှစ်ဖာလုံခန့်အကွာတွင်ရှိသော ပြိုင်းတောဘက်သို့ နွားရှာရန်သွားစဉ် မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။
စိုးနိုင်၏ ညာဘက်မျက်စိနှင့် မျက်နှာတစ်ခြမ်း ဒဏ်ရာရသွားပြီး လင်းမောင်သည် ညာခြေ ဖြတ်တောက်လိုက်ရသည်ဟု လိုက်လံကူညီပေးနေသော ကိုမောင်လှဝင်းက ပြောသည်။
“ခြေထောက်တစ်ဖက် ဖြတ်တောက်လိုက်ရတဲ့သူကတော့ အောက်ဆီဂျင်ပေးထားရတယ်။ ကျန်တဲ့မျက်လုံးတစ်ဖက် ပျက်သွားတဲ့သူမှာလည်း ခြေထောက်တွေနဲ့ ခန္ဓာကိုယ်တွေမှာ မိုင်းစတွေ ထိထားတဲ့ ပွန်းပဲ့ဒဏ်ရာတွေ အများကြီးတွေ့ရတယ်” ဟု ကိုမောင်လှဝင်းက ပြောသည်။
ဒဏ်ရာပြင်းထန်သည့်အတွက် ၎င်းတို့နှစ်ဦးကို စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်သွားရန် ပြင်ဆင်နေကြောင်း လူမှုကူညီရေးအသင်းမှ ကမ်းထောင်းကြီးဒေသခံ ကိုမောင်ချယ်ရီက ပြောသည်။
“သူတို့အခြေအနေက စိုးရိမ်ရတဲ့အခြေအနေရှိတယ်။ အဲဒီအတွက် စစ်တွေကို ယူသွားရမယ်။ နှစ်ယောက်လုံးပါ” ဟု ၎င်းက ပြောသည်။
နှစ်နှစ်ကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည့် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ယခုဆိုလျှင် အပစ်အခတ်ရပ်ဆိုင်းထားသည်မှာ ၈ လနီးပါးခန့်ကြာမြင့်လာပြီဖြစ်သည်။ သို့သော် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ကျန်လက်နက်ခဲယမ်းများနှင့် မြေမြှုပ်မိုင်းများပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၉ ဦးနှင့် ဒဏ်ရာရရှိသူ ၈၀ နီးပါးခန့်ရှိကြောင်း စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းအရ သိရသည်။