
ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်တို့၌ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် လက်တွဲပြီး တိုက်ခိုက်ခဲ့ရာ ၅ ရက်တာအတွင်း စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် သေဆုံးသူ ၁၈၀ ကျော် ရှိကြောင်း ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ယနေ့ (ဇူလိုင် ၁၀) ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။
ဇူလိုင် ၅ တွင် စတင်သော တိုက်ပွဲသည် ပူးပေါင်းအဖွဲ့၏ ယာယီအခြေပြုစခန်းသို့ စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာပြီးနောက် ပိုမိုပြင်းထန်ခဲ့ရာ ဇူလိုင် ၉ တွင် လေယာဉ်လေးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကသာ PDF က ထုတ်ပြန်သည်။
ဒေသခံတချို့ကလည်း KIA/PDF ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များခဲ့သည်ဟု ဆိုသည်။
“သူတို့ဘက်က ပြီးခဲ့တဲ့ ငါးရက်လောက်အတွင်းမှာ လူ ၁၈၀ ဝန်းကျင်လောက်ကျတယ်” ဟု KIA/PDF တပ်ဖွဲ့နှင့် နီးစပ်သည့် စစ်ကိုင်းတိုင်းဒေသခံတစ်ဦးက ယနေ့ ဇူလိုင် ၁၀ရက် နံနက်ပိုင်းက ပြောသည်။
ထိုးစစ်ဆင်လာသည့် တပ်ရင်း (၃၀၄) နှင့် (၃၀၉) တို့အား မြို့လှကျေးရွာအနီးတွင် ခုခံကာကွယ်ခဲ့သည်ဟုဆိုကာ နေ့အလိုက် တိုက်ပွဲဖြစ်စဉ်များ၊ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှု အခြေအနေများကို ထုတ်ပြန်ခဲ့သည်။
ကသာ PDF သည် KIA တပ်မဟာ(၈)၊ တပ်ရင်း(၅)၏ ဦးဆောင်မှုဖြင့် တိုက်ခဲ့သည်ဟု ဆိုသည်။
ဇူလိုင် ၅ရက် ညပိုင်းတွင် မိုင်းနင်းမိ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ နောက်တစ်နေ့ ကောက်ကွေ့ချောင်းတိုက်ပွဲတွင် RPG ဖြင့် အချက်ပေါင်းများစွာပစ်ခတ်ရာ စက်လှေ ၂ စီး နစ်မြုပ်ပျက်စီးပြီး စစ်ကောင်စီတပ်သား ၆၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ဇူလိုင် ၇ ညပိုင်းတွင် စစ်ကောင်စီတပ် မိုင်း ၄ ကြိမ်ထိရာ ဗျူဟာမှူးအပါအဝင် (၃၀) ထက်မနည်း သေဆုံးခဲ့ကြောင်း၊ ဇူလိုင် ၉ တွင် လေကြောင်းပစ်ကူနှင့်အတူ မြေပြင်မှ ခြေလျင်ထိုးစစ် ဝင်ရောက်လာ၍ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်မှ ၅၀ ထက်မနည်းသေဆုံးပြီး ၇၀ ထက်မနည်း ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
KIA/PDF ပူးပေါင်းအဖွဲ့တွင် ၃ဦး ကျဆုံးပြီး ၃ဦး အဆက်အသွယ်မရဟု ဆိုသည်။
ယမန်နေ့ညနေပိုင်းတွင် စစ်ကူလာသည့် ယာဉ်နှစ်စီးကို ကသာမြို့နယ် ပေါမမြိုင်ကျေးရွာအနီးတွင် ပူးပေါင်းတပ်ဖွဲ့က ပဒေသာမိုင်းအတွဲဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်း သေဆုံးခဲ့သည်ဟု ကသာ PDF က ထုတ်ပြန်သည်။
ကသာမြို့ခံတစ်ဦးကလည်း ပေါမမြိုင်တိုက်ပွဲတွင် ဗုံးအချက် ၂၀ ခန့် ပေါက်ကွဲခဲ့ပြီး စက်သေနတ်သံများလည်း ကြားရကြောင်း ပြောသည်။ ပစ်ခတ်သံများထွက်ပေါ်မလာမီ စစ်တပ်ယာဉ်နှစ်စီး ဖြတ်မောင်းသွားသည်ကို ကြားရသည်ဟု ဆိုသည်။
“မနေ့က ရွှေကူ၊ မြို့လှမှာ ပစ်ကြတာ။ အဲဒီကို ကူဖို့ စစ်ကားတွေ တက်သွားတာထင်တယ်” ဟု ကသာမြို့ခံက ဇူလိုင် ၉ရက်ညပိုင်းက ပြောသည်။

လေယာဉ်ဖြင့် ဗုံးတစ်ကြိမ်ကြဲခဲ့သော်လည်း အထိအခိုက်အကျအဆုံးမရှိဟု ကသာ PDF က သတင်းထုတ်ပြန်သည်။
ကသာ PDF ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံးမှုအရေအတွက်မှာ ငါးရက်အတွင်း ၁၈၀ဦးရှိသည်။ အဆိုပါ အရေအတွက်နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးသလို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဇူလိုင် ၁၀ရက် နံနက်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း အသေးစိတ်အခြေအနေကို အဆက်အသွယ်မရသေးကြောင်း၊ ယမန်နေ့တိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်၍ မြို့လှဒေသရှိ ဆက်သွယ်ရေးတာဝါတိုင် ပျက်စီးခဲ့ကြောင်း KIA/PDF နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“မြို့လှက MPT တစ်ခုပဲ ရတာကိုး၊ အဲဒီ MPT တိုင်ကြီး ပစ်သွားတာ အခု လိုင်းဖုန်းတွေ အကုန်ပြတ်သွားတယ်။ တပ်က လေယာဉ်နဲ့ ပစ်တာ။ တမင်ပစ်တာပဲလား အခြားကို ပစ်ရင်းနဲ့ မှန်သွားတာပဲလား မသိဘူး၊ တာဝါတိုင်ကြီးကို ထိသွားတယ်” ဟု ၎င်းက ပြောသည်။
ပူးပေါင်းတပ်များ ဆုတ်ခွာနေသည်ဟု သိရကြောင်း ယနေ့နံနက်တွင် သတင်းရသည်ဟု အဆိုပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။
“လေယာဉ်လေးစင်းနဲ့ ဝင်တိုက်တာ မြို့လှက ဆုတ်ပေးလိုက်ရပြီ။ အခုမနက်မှ ဆုတ်ပေးလိုက်ရတာ။ ဒီဘက်က သုံးယောက်ကျတယ်၊ သုံးယောက်ပျောက်တယ်လို့ နောက်ဆုံးသတင်းရတယ်” ဟု ၎င်းက ဆိုသည်။
ကချင်ပြည်နယ် မြစ်ကြီးနားဒေသခံတစ်ဦးကလည်း “အဲဒီမှာက သူတို့ (KIA) တပ်ရင်းဌာနချုပ်တော့ မဟုတ်ဘူး။ တပ်ခွဲတွေဘာတွေ ရှိမယ်။ မြေပြင်ထိုးစစ်ကြီးနဲ့ တစ်တွဲတည်းမဟုတ်ရင်တော့ နောက်ဆုတ်တယ်ဆိုရင် လေယာဉ်တအားပစ်လို့ ခဏရှောင်တာပဲဖြစ်လိမ့်မယ်” ဟု မှတ်ချက်ပြုသည်။
တိုက်ပွဲဖြစ်စဉ်များအတွင် စစ်ကောင်စီဘက်မှ သေဆုံးရုပ်အလောင်းများကို မိုးတားကြီးအုပ်စု၊ မိုးတားလေးအုပ်စု၊ အုပ်ချေ၊ မြို့လှ၊ မှတ်တိုင်၊ နမ့်စန်း၊ ဆူးပုတ်ကုန်းရွာအနီး ကျင်းတူးမြှုပ်နှံကြောင်း၊ ဒဏ်ရာရသူများကို ရေကြောင်းမှ သယ်ယူကြောင်း ကသာ PDF က သတင်းထုတ်ပြန်သည်။
ရွှေကူနှင့် ကသာဒေသ တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးစားသော်လည်း KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်၍မရသေးပေ။ ယခင်ကလည်း စစ်ကိုင်းတိုင်းရှိ ကသာ၊ ထီးချိုင့်၊ ကောလင်းမြို့နယ်များ၌ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း PDF က သတင်းထုတ်ပြန်ခဲ့ရာ KIA က ငြင်းဆိုခဲ့ခြင်းမရှိပေ။
စစ်ကိုင်းတိုင်းတွင် တိုက်ပွဲဆင်နွှဲရန် ဗဟိုက ညွှန်ကြားခြင်းမရှိသော်လည်း အောက်ခြေ KIA တပ်များက PDF များအား ကူညီပူးပေါင်းတိုက်ခိုက်ခြင်းမျိုးရှိနိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောဆိုထားသည်။
KIA သည် စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်ရှိ မြို့နယ်များသာမက စစ်ကိုင်းတိုင်းဒေသအချို့နှင့် ရှမ်းမြောက်ဒေသအချို့တွင် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။