သတင်း

ရွှေကူနှင့် ကသာတွင် စစ်ကောင်စီတပ် ချုံခိုတိုက်ခိုက်ခံရ

ကချင်ပြည်နယ် ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများပြင်းထန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ကချင်နှင့် စစ်ကိုင်းနယ်စပ်ရှိ မြို့နယ်များတွင် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) နှင့် ကချင်လွတ်​မြောက်​ရေးတပ်မ​တော်(KIA)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ဒေသခံတို့က ပြောသည်။  

လွန်ခဲ့သည့်ရက်ပိုင်းက စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ ကောက်ကွေ့ချောင်းအတိုင်း စစ်​ကောင်စီတပ်က မော်တော်သုံးစီးဖြင့် ရွှေကူမြို့နယ်သို့ ဆန်တက်လာစဉ် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ပြီး မော်တော်နှစ်စင်းကို နှစ်မြှုပ်ခဲ့​ကြောင်း ရွှေကူဒေသခံတစ်ဦးက ပြောသည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများပြားခဲ့သဖြင့် ယ​မန်နေ့ ( ဇူလိုင် ၉) တွင် မြို့လှမြို့နယ်ရှိ KIA တပ်များရှိနိုင်သည့် နေရာများကို လေကြောင်းမှ လာ​ရောက်တိုက်ခိုက်ခဲ့ကြောင်း ​​သူက ဆက်​ပြောသည်။

“ဒီကောက်ကွေ့ချောင်းအတိုင်း မြို့လှကို ဆန်တက်တဲ့ စစ်ကောင်စီဘက်က အင်အားတွေတင်သွားတဲ့ မော်တော်သုံးစီးကို ပစ်မြှုပ်တာရှိတယ်။ အသေအပျောက်တွေ တော်တော်များတယ်။ အဲဒီမှာ ကျန်တဲ့ တစ်စီးက အသည်းအသန် ပြန်လှည့်ပြေးရတဲ့အပိုင်း ရှိတယ်။ အဲဒါမျိုးအပစ်ခတ်ခံရအပြီးမှာ တိုက်လေယာဉ်သုံးပြီး တိုက်လာတာရှိတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသတွင်း ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

ကသာမြို့နယ်တွင်လည်း ဇူလိုင် ၉ရက် ညနေပိုင်းက စစ်ကောင်စီယာဉ်တန်းကို ကသာ PDF နှင့် KIA ပူးပေါင်းအဖွဲ့က ထပ်မံ၍ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ကသာမြို့ခံက ပြောသည်။

ကသာ – ဗန်းမော်လမ်းပိုင်း ပေါမမြိုင်ကျေးရွာအနီး၌ ချုံခိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား သေဆုံးနိုင်သည်ဟု ကသာ​​ဒေသခံက​ ပြောသည်။

“အခုဖြစ်တာ ပေါမတံတားအကွေ့မှာဆိုတော့ ပြေးလမ်းကမရှိဘူး ဘယ်ညာ ကမ်းပါးကြီးလေ။ ကြားမှာက ကားလမ်း။ အထက်စီးက အသာယူပြီး ပစ်ကြတာ” ဟု ကသာမြို့ခံက ဆက်​ပြောသည်။

စစ်ကား​ပေါ်ပါလာသူအများစု ​သေဆုံးနိုင်​ကြောင်း ခန့်မှန်း​ကြသော်လည်း Myanmar Now က သီးခြားအတည်ပြုချက် မရရှိ​သေးသလို ကသာ PDF က ယခုအချိန်အထိ သတင်းမထုတ်ပြန်​သေး​​ပေ။

ဇွန်လ ၂၄ရက်ကလည်း ကသာမြို့နယ် မိုးတားအုပ်စု ရွှေကျောင်းကုန်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံးခဲ့သည်ဟု ကသာ PDF က သတင်းထုတ်ပြန်ထားသည်။ 

ထို့ပြင် မေလကုန်ပိုင်းက တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦးထက်မနည်းသေဆုံးပြီး PDF ရဲဘော် ၅ ဦး ကျဆုံးခဲ့သည်ဟု ကသာ PDF က ထုတ်ပြန်ထားသည်။ 

စစ်ကိုင်းတိုင်း ကသာ၊ ထီးချိုင့်၊ ကောလင်းမြို့နယ်များတွင် စစ်ကောင်စီတပ်များ၊ စစ်ယာဉ်တန်းများ ချုံခိုတိုက်ခိုက်ခံရမှု မကြာခဏ ဖြစ်ပေါ်နေသည်။ 

အဆိုပါ တိုက်ခိုက်မှုများကို မဟာမိတ် KIA နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း PDF က သတင်းထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားသည့် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ဗဟိုက ညွှန်ကြားမှုမရှိသော်လည်း အောက်ခြေတပ်များက PDF များကို ကူညီခြင်းဖြစ်နိုင်ကြောင်း KIA/KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now သို့ ပြောကြားခဲ့သည်။

ရွှေကူ၊ ကသာမြို့နယ်တို့၏ လတ်တလောအခြေအနေများနှင့် ပတ်သက်ပြီး မေးမြန်းဖော်ပြနိုင်ရန် ကြိုးစားသော်လည်း စစ်ကောင်စီပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်၍ မရသေးသလို စစ်ကောင်စီ၏ မကြာသေးမီက သတင်းထုတ်ပြန်ချက်များတွင်လည်း ထိုဒေသအကြောင်း မတွေ့ရပေ။ 

PDF သည် အာဏာသိမ်းမှုဆန့်ကျင်ကန့်ကွက်သူတို့ ပစ်ခတ်သတ်ဖြတ်ခံရအပြီး ပြန်လည်ခုခံကာကွယ်ရန် ဒေသခံများက ဖွဲ့ထားခြင်းဖြစ်သည်။

KIA/KIO သည် ၁၉၆၁ တွင် စတင်ထူထောင်သည့် အဖွဲ့ဖြစ်ပြီး ကချင်တိုင်းရင်းသားများနေထိုင်ရာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် လှုပ်ရှားလျက်ရှိသည်။

Show More

Related Articles

Back to top button