သတင်း

ဒေါက်တာဇော်မြင့်မောင်နှင့် မန်းလျှပ်စစ်ဝန်ကြီးကို စစ်ကောင်စီက အဂတိဖြင့် ထပ်တိုးအမှုဖွင့် 

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်တို့ကို စစ်ကောင်စီက ယမန်နေ့ (ဇူလိုင် ၇) တွင် အဂတိမှုဖြင့် ထပ်တိုးအမှုဖွင့်လိုက်သည်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက မန္တလေး အိုးဘိုထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ၎င်းတို့နှစ်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအမှုဖွင့်လိုက်ခြင်း ဖြစ်သော်လည်း အသေးစိတ်ကိုမူ မသိရသေးကြောင်း လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက Myanmar Now ကို ပြောသည်။ 

“(အဂတိက) ဆရာဇော်နှင့် ဦးဇာနည်အောင် နှစ်ယောက်တည်းပဲ။ အကြမ်းဖျင်းသိရတာကတော့ Confirm (အတည်ပြု) မလုပ်နိုင်သေးဘူး။ တရားရုံးကို စွဲတင်လာတာမရှိသေးတော့ ဘာပုဒ်မ၊ ဘယ်နှခုနဲ့ ဘာအကြောင်းခြင်းရာကို စွဲသလဲ ဆိုတာကို မသိရသေးဘူး” ဟု အဆိုပါရှေ့နေက ပြောသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဒုတိယဥက္ကဋ္ဌတစ်ဦးလည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်ကို ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် ဖေဖော်ဝါရီ ၁၈ တွင်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် မတ် ၅ တွင်လည်းကောင်း စစ်ကောင်စီက အမှုဖွင့်ထားပြီးဖြစ်သည်။ 

လာမည့် ဇူလိုင် ၉ တွင် ဒေါက်တာဇော်မြင့်နှင့် ဦးဇာနည်အောင်တို့ကို စွဲဆိုထားသည့် သဘာဝဘေးပုဒ်မ ၂၅ အမှုကို စွဲချက်တင်မတင် အမိန့်ချမည်ဆိုသော်လည်း အိုးဘိုထောင်အတွင်းတွင် ပြုလုပ်ထားသည့် တရားရုံးသို့ သွားရောက်ခွင့်ရမရကို ရှေ့နေများက မသိရသေးပေ။ 

အာဏာသိမ်းစစ်ကောင်စီက NLD အစိုးရအဖွဲ့ဝင်များနှင့ ဝန်ကြီးချုပ်များကို ပုဒ်မ ၅၀၅(ခ) ဖြင့် စတင်အမှုဖွင့်ပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဝန်ကြီးချုပ်အချို့နှင့် အစိုးရအဖွဲ့ဝင်အချို့ကို အဂတိဖြင့် ထပ်မံအမှုဖွင့်ခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူတို့ကို ဇွန် ၉ တွင် ထောင် ၁၅ နှစ်ထိ ချမှတ်ခံရနိုင်သည့် အဂတိဥပဒေပါ ပုဒ်မ ၅၅/၆၃ ဖြင့် စစ်ကောင်စီက အမှုဖွင့်ခဲ့သည်။ 

ထို့နောက် ဇွန် ၂၃ တွင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် ဦးမြင့်ဇော်၊ ဒေါက်တာခင်မောင်အေးနှင့် ဦးတင်နွယ်ဦး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဦးနိုင်ငံလင်းတို့ကို အဂတိဖြင့် စစ်ကောင်စီက ထပ်မံအမှုဖွင့်ခဲ့သည်။ 

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းအစိုးရအဖွဲ့ဝင် ၄ ဦး၊ ကိုယ်ရေးအရာရှိ ၂ဦး၊ စုစုပေါင်း ၇ ဦးကိုမူ မေ ၆ ရက်ကတည်းက အဂတိဥပဒေပါ ပုဒ်မ ၅၅ ဖြင့် အမှုဖွင့်ခဲ့သည်။ 

ပြည်ထောင်စုအစိုးရအဖွဲ့မှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်အချို့ကို စစ်ကောင်စီက အဂတိဖြင့် အမှုဖွင့်ထားပြီးဖြစ်သည်။

NLD အစိုးရလက်ထက် မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်များဖြစ်ကြသည့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာရဲလွင်နှင့် သစ်တောနှင့် သယံဇာတဝန်ကြီး ဦးမျိုးသစ်၊ စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇေယျတို့ကိုလည်း စစ်ကောင်စီက အာဏာသိမ်းယူသည့်နေ့မှာပင် ဖမ်းဆီးထိန်းသိမ်းပြီး ဆူပူအောင်လှုံ့ဆော်မှု ၅၀၅ (ခ)၊ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅/၃၀-က တို့ဖြင့် အမှုဖွင့်ခဲ့သည်။

Show More

Related Articles

Back to top button