သတင်း

အလိုရှိသူကိုမတွေ့၍ ဖမ်းခံရသည့် အဘိုးနှင့်အဖေ ပြန်လွတ်လာ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့၊ ဟင်္သာရပ်ကွက်နေ ကိုပြည်ဘုန်းပိုင်ကို စစ်ကောင်စီတပ်က နေအိမ်၌ လာရောက်ရှာဖွေရာတွင် မတွေ့သဖြင့်  ယနေ့(ဇူလိုင် ၄) နံနက်ပိုင်းတွင် ဖမ်းခေါ်သွားသည့် သူ၏ ဖခင်နှင့် အဘိုးဖြစ်သူတို့ ပြန်လည်လွတ်မြောက်လာပြီဟု မိသားစုဝင်တစ်ဦးက အတည်ပြုသည်။

၎င်းတို့ကို ပေါင်းတည်ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် အဘိုးဖြစ်သူ အသက် ၈၀ အရွယ် တရားလွှတ်တော်ရှေ့နေ၊ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အမှုဆောင် ဦးစံမောင်ကို ညနေ ၄နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့သည်။

ဖခင်ဖြစ်သူ မြေလတ်အသံသတင်းဌာန သတင်းထောက် အသက် ၅၀ အရွယ် ဦးအောင်ကြီး (ခ) ဦးမင်းဆွေအောင်ကိုလည်း ယမန်နေ့ (ဇူလိုင် ၄) ည၇နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း မိသားစုဝင်ထံမှ သိရသည်။

ကိုပြည်ဘုန်းပိုင်ကို စစ်ကောင်စီက မည်သည့်အတွက်အလိုရှိသည်ကို အတည်မပြုနိုင်သေးသလို၊ ၎င်း၏ ဖခင်နှင့် အဘိုးဖြစ်သူတို့ မည်သည့်ကိစ္စများ စစ်ဆေးမေးမြန်းခံရသည်ကိုလည်း စုံစမ်းမေးမြန်း၍ မရသေးပေ။

၎င်းတို့နေထိုင်သည့် ဟင်္သာရပ်ကွက်တွင် ဒလန်ဟု နာမည်ကျော်သူ ဦးအောင်ဆန်းဝင်း (ခ) ဂျစ်ပွေး (ရွှေအရက်ဆိုင်) ဆိုသူ ဇူလိုင် ၂ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးမှု၊ ယင်းမတိုင်မီတစ်ရက် က နွယ်ချို (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးပေါက်ကွဲမှုတို့ ဖြစ်ပွားပြီးနောက် ပေါင်းတည်မြို့အတွင်း၌ စစ်ကောင်စီက အဖမ်းအဆီးကြမ်းနေခြင်းဖြစ်သည်။

အာဏာသိမ်းမှုကို လမ်းပေါ်ထွက်ပြီး စတင်ဆန့်ကျင်ကန့်ကွက်သည့် မြို့များထဲတွင် ပေါင်းတည်မြို့လည်း ပါဝင်သည်။

Show More

Related Articles

Back to top button